ဆိပ်ဖြူဈေးကွက်တွင် မြေပဲဆံနှင့် မြေပဲဆီဈေးနှုန်းမြင့်တက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးရာ ဒေသဖြစ်သော်လည်း ဒေသတွင်းသုံးစွဲမှုမလုံလောက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ပြည် တွင်း MSME အသေးစား၊ အလတ်စား၊ အငယ်စား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ဆိပ်ဖြူမြို့တွင် ဆီစက်လုပ်ငန်းရှင် (၁၅)ဦးခန့်ရှိပြီး တစ်နှစ်ပတ်လုံး လုံလောက်စွာ မြေပဲဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် အခြားဒေသများဖြစ်သည့် ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်၊ ချောက်၊ ကျောက်ပန်းတောင်း မြို့နယ်များမှ ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် မြေပဲဆီကို ယခင်ထက် စားသုံးမှု ပိုမိုများပြားလာ၍ ဈေးကွက်ပိုမိုခိုင်မာမှုရှိလာပြီး ဆီထုတ်လုပ်မှု လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည်။ ဆီကြိတ်ပြီး ရရှိသော မြေပဲဖတ်များကိုလည်း စက်ဖြင့်ကြိတ်ပြီး ရရှိသောအမှုန့်များကို ဒေသတွင်းကျေးရွာများမှ စိုက်ခင်းသုံး သွင်းအားစုနှင့် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိပြီး ဆင်ဖြူကျွန်း၊ စလင်းဒေသရှိ စိုက်တောင်သူများမှာလည်း အများဆုံးဝယ်ယူအသုံးပြုလျက်ရှိသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မြေပဲဆံနှင့် မြေပဲဆီ ဈေးမြင့်တက်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် မြေပဲဆံလုံးကြီး(နီ) တစ်ပိဿာလျှင် ကျပ်(၇၈၀၀- ၇၅၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၆၈၀၀)၊ လုံးဆံ(ဖြူ)သေး တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၅၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၆၈၀၀)၊ မြေပဲဖတ်အမှုန့် တစ်ပိဿာလျှင် ကျပ်(၃၇၀၀) ဈေးအသီသီးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြေပဲသစ်သားဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ စက်ပဲဆီ တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ပဲရောဆီ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်အနေဖြင့် ဇူလိုင်လအတွင်း မြေပဲဆံတစ်ပိဿာ လျှင် ကျပ်(၃၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့မှ ကြိတ်ခွဲထုတ်လုပ်လျက်ရှိသော မြေပဲဆီသန့်များကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်၊ နေပြည်တော်မြို့များသို့ အများဆုံးတင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။ DOCA(မကွေး)