ဗီယက်နမ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်များတင်ပို့ရာတွင် ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချခဲ့သည်ဟု အင်ဒိုနီးရှားအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ စွပ်စွဲချက်အား ဗီယက်နမ် ဆန်တင်ပို့ရောင်းချသူ Tan Long Group က ငြင်းဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံရှိ အကျင့်ဖျက်ချစားမှု စောင့်ကြည့်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သော The People’s Democracy Study (SDR) အဖွဲ့က အင်ဒိုနီးရှားအစိုးရ၏ ဗီယက်နမ်ဆန်များ ဝယ်ယူ တင်သွင်းမှုတွင် ဆန်ဈေးနှုန်းများမှာ မြင့်မားလျက်ရှိရာ အဂတိလိုက်စားမှုများ ရှိနေသည်ဟု ပြော ဆိုခဲ့ကြောင်း အင်ဒိုနီးရှား အခြေစိုက် ဗီယက်နမ်ကုန်သွယ်ရေးရုံးထံမှ သိရသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီဖြစ်သော Bulog အဖွဲ့နှင့် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီတို့သည် လွဲမှားစွာလုပ်ဆောင်မှုများရှိသည်ဟု စွပ်စွဲခံထားရ သည်။ Tan Long Group သည် မေလတွင် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁၀၀,၀၀၀ကို တစ်တန် လျှင် ၅၃၈ အမေရိကန်ဒေါ်လာနှုန်းဖြင့် ရောင်းချခဲ့ရာ ဈေးကွက်ပေါက်ဈေးထက် ၁၈% ပိုမို မြင့်မား သည်ဟု SDR က ပြောဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း ဆန်တန်ချိန် ၂.၂ သန်းကို ပင်ရင်းနိုင်ငံများစွာမှ တင်သွင်းခဲ့ရာ၌ နိုင်ငံအတွက် ဆုံးရှုံးမှုမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၈၀.၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း SDR မှ ပြောကြားခဲ့ပါသည်။
Tan Long Group ၏ ပြောရေးဆိုခွင့်ရှိသူက Bulog သို့တိုက်ရိုက်ရောင်းချရန် မည်သည့် လေလံကိုမျှ မရရှိခဲ့ကြောင်း၊ တောင်ကိုရီးယားကုမ္ပဏီ Posco နှင့် ပူးပေါင်း၍ အင်ဒိုနီးရှားသို့ ဆန် တင်ပို့ရန် ဇန်နဝါရီတွင် လေလံအောင်မြင်ခဲ့သော်လည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၀ နှုန်းဖြင့် ဧပြီလ၌ တင်ပို့ခဲ့ခြင်းသာဖြစ်ပြီး မေလတွင် တင်ပို့မှုမရှိကြောင်းဖြင့် VnExpress သတင်း ဌာနသို့ ပြောကြားခဲ့ပြီး အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့ကြောင်း သိရသည်။
ဗီယက်နမ်မှ အခြားသော ဆန်တင်ပို့သူ Loc Troi Group ကလည်း ထိုသို့စွပ်စွဲမှုများကို ပယ်ချခဲ့သည်။ ၎င်းကုမ္ပဏီသည် Bulog သို့ ဆန်တန်ချိန် ၁၀၀၀၀၀ ရောင်းချရန် မေလတွင် လေလံအောင်မြင်ခဲ့သော်လည်း ထိုအချိန်က စျေးကွက်ပေါက်ဈေးအောက်လျော့၍ တစ်တန်လျှင် ၅၆၃ ဒေါ်လာနှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ အဆိုပါ စွပ်စွဲချက်များကြောင့် အင်ဒိုနီးရှားသို့ ဆန်တင်ပို့မှုမှာ ထိခိုက်ခြင်းမရှိကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။
သို့သော် အင်ဒိုနီးရှားရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးကမူ အဆိုပါစွပ်စွဲချက်သည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် အင်ဒိုနီးရှားသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုအပေါ်သက်ရောက်မှုရှိနိုင်ကြောင်း သတိပေးထားပြီး အကယ်၍ အင်ဒိုနီးရှားအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုစတင်ရန် ဆုံးဖြတ် ပါက ဗီယက်နမ်မှ ဆန်တင်သွင်းမှုမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်သွားမည်ဖြစ်သည် ဟု ပြောကြားခဲ့သည်။
ဗီယက်နမ် အကောက်ခွန်ဌာန၏ အချက်အလက်များအရ ယခုနှစ်တွင် အင်ဒိုနီးရှားသို့ ဒေါ်လာ ၄၄၄ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၇၁၂၄၀၀ တန်ကို တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအရ ၈၂.၁ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၄၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အင်ဒိုနီးရှားသည် ဗီယက်နမ် ဆန်ပို့ကုန်စုစုပေါင်းအနက် ၁၅.၄ ရာခိုင်နှုန်းဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ နောက်၌ ဒုတိယအကြီးဆုံး ဝယ်ယူသူ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် အစော ပိုင်းကာလ၌ ခန့်မှန်းထားသည့် ဆန်တန်ချိန် ၃ ဒသမ ၆ သန်းထက် ပိုမိုလျက် ဆန်တန်ချိန် ၅ ဒသမ ၁၈ သန်းအထိ တင်သွင်းဖွယ်ရှိကြောင်း သိရပါသည်။
Source: VnExpress International, 11 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)