မတ်ပဲပင်များ၌ အပင်ဝါ ဖြစ်သည့်အခြေအနေ

Powered by Drupal

          ဆောင်းသီးနှံ ဖြစ်သောမတ်ပဲ စိုက်ပျိုးခြင်းသည် မတ်ပဲဈေးကောင်းလာသည်နှင့်အမျှ တောင်သူများ မိမိတို့ စိုက်ခင်းများသို့ သွားရောက်ပြီး အထူးဂရုစိုက် ပြုစုလုပ်ကိုင်လာကြသည်။ ဆေးဖျန်းခြင်း၊ ပေါင်းသတ်ခြင်း၊ လိုအပ်သော အားဆေးများ ဖျန်းပတ်ခြင်းများ ပြုလုပ်နေကြသည်။ သွင်းအားစု ဈေးနှုန်းများလည်း မြင့်တက်နေခြင်းကြောင့်လည်းကောင်း၊ ယခင်နှစ်များကဲ့သို့ ပဲပေါ်ပေးဖြင့် အလွယ်တကူ ဝယ်ယူကြခြင်းမရှိသောကြောင့် တောင်သူများ အခက်အခဲများ ရှိနေပါသည်။ ၎င်းအခက်အခဲများအပြင် တစ်ချို့သော တောင်သူများ အနေဖြင့် စိုက်ပျိုးသောပဲပင်များ တစ်ကွင်းလုံး အဝါပင်များ ပေါက်နေသည်ကို တွေ့ရှိရပါသည်။

          မတ်ပဲသည် ဆောင်းသီးနှံ ဖြစ်ခြင်းကြောင့် ဆောင်းသီးနှံစိုက်ပျိုးခြင်း သဘောသဘာဝအရ မြေမှုန့်ခြောက်လှမ်း၍ စိုက်ပျိုးရခြင်း ဖြစ်ပါသည်။ သင့်လျော်သောအစိုဓါတ်တွင် ထယ်ကြမ်းခွဲပြီး (၄) ရက်ခန့် အခြောက်လှမ်းရသည်။ အခြောက်လှမ်းပြီးသော ‌မြေတွင် ပဲစေ့များ ကြဲပက်ရသည်။ ထွန်စက်ဖြင့် အမှုန့်ဖြစ်အောင် ထွန်ယက်ပြီး လိုအပ်လှျင် ဓါးကြမ်းရိုက်ပြီး ဖုံးဖိပေးရပါသည်။ သို့မှသာ မြေကြီး အစိုဓာတ်သည် ခြောက်သွေ့ပြီး လေဟာနယ်မရှိသည့် မြေလွှာ၏ ဖုံးဖိထားမှုကြောင့် အမြစ်အတွက် လိုအပ်သော ရေဓာတ်ကို ပေးစွမ်းနိုင်ပြီး အပေါ်မှ ဖိထားပေးမှုကြောင့် အပင်၏ ပင်စည်အောက်ပိုင်းတွင်လည်း အစိုဓါတ်ဖြင့် မထိတွေ့ရ၍ ရောဂါဖြစ်ပွားမှုကို ကာကွယ်စေနိုင်သည်။

          ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် သင့်လျော်သော အစိုဓာတ်ကို စောင့်ဆိုင်းရခြင်း၊ လယ်သမားများမှာ နွားဖြင့် ထွန်ယက်ခြင်း မရှိတော့သည့်အတွက် ထွန်စက်များကိုသာ အလှည့်ကျ စောင့်ဆိုင်း၍ မိမိတို့ လယ်များတွင် စက်ထွန်ရန် ရက်ချိန်းရယူပြီးမှ စိုက်ပျိုးရခြင်းကြောင့် စိုက်ပျိုးရန် သင့်လျော်သော မြေအနေအထားမှာ အစိုဓာတ်များနေသော်လည်း စိုက်ပျိုးပြီးစီးရန်သာ အဓိကထား စိုက်ပျိုးနေကြရသည်ဖြစ်၍ ဆောင်းသီးနှံ၏ သဘာဝအရ မြေအစို ဓာတ်ဖမ်း စိုက်ပျိုးခြင်းနည်းစနစ်နှင့် လွဲချော်သွားသည့် တောင်သူများရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်။

          သွင်းအားစု ရွက်ဖျန်းဆေးသုံးစွဲမှုအနေဖြင့် အပင်ငယ်ချိန်တွင် အပင်အားဆေးမှာ နိုက်ထရိုဂျင် များသော ရွက်ဖျန်းဆေး မြေသြဇာများကို သုံးစွဲသော အလေ့အထရှိပါသည်။ အပင်၏ အစာချက်နှုန်းနှင့် အားဆေး၏ အာနိသင်တို့ ချိန်ညှိနိုင်မှုမရှိခြင်း၊ တောင်သူများ၏ စိုက်ပျိုးမှု ပုံစံပြောင်းလဲသွားသော်လည်း ရွက်ဖျန်းမြေသြဇာများ၏ အကျိုးသက်ရောက်မှုက လိုက်လျောညီမှု မရှိနိုင်ကြောင်း ယူဆနိုင်ပါသည်။

          မှိုသတ်ဆေးဆိုသည်မှာ မတ်ပဲအပင်ရောဂါကာကွယ်ဆေး၊ ရောဂါသတ်ဆေးဖြစ်ပြီး ရောဂါဝင်ရောက်မှု မရှိအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် အပင်၏ အစာချက်နှုန်းကိုလည်း တိုးတက်ကောင်းမွန်စေသော အာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

       ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးရာတွင် တွေ့ရှိရသော ပိုးအမျိုးအစားများမှာ ပင်စည်ထိုးပိုး၊ (ပိုးလောင်းဘဝ) တွင် အပင်၏ အလယ်အူကြောင်းတွင် ဝင်ရောက်စားသောက်ဖျက်စီးစေတတ်သော ပိုးအမျိုးအစားဖြစ်ပြီး ငမြှောင်တောင်ပိုး (ပိုးလောင်းဘဝ) သည် အပင်ပေါ်နှင့် မြေကြီးခဲများ အောက်တွင် တွေ့ရှိရ၍ ၎င်း၏ စွမ်းဆောင်ရည်မှာ (၅) ရက်အတွင်း အပင်၏ အညွှန့်၊ အရွက်အားလုံး ကုန်သွားအောင် စားသောက်ဖျက်ဆီးတတ်သည်။ ပွင့်ထွေးပိုး (ပိုးလောင်းဘဝ) သည် အသီးအပွင့် ဝင်ချိန်တွင် ကျရောက်ပြီး လှေးပိုးနှင့် တစ်ချိန်တည်း ကျရောက်တတ်သည်။ ပွင့်ထိုးပိုးသည် ပိုးတုံးလုံး (ပိုးလောင်းဘဝ) တွင်ရှိပြီး ၊ လှေးပိုးမှာ ခွေးသန်းကဲ့သို့ ပျံသန်းနိုင်သော ပိုးအမျိုးအစားဖြစ်သည်။ ပွင့်ထွေးပိုးနှင့် လှေးပိုးတို့မှာ အပွင့်အတွင်းရှိဝတ်ဆံ၊ ဝတ်မှုံ တို့ကို စားသောက်ပြီး အပွင့်မှ အသီး ဖြစ်မလာပဲ ပွင့်သမျှ အပွင့်အားလုံး ခြောက်ကပ်ကြွေကျသွားပြီး အသီးခိုင်ရိုးတံသာလျှင် ကျန်ခဲ့သည်။ အသီးခိုင်ရိုးတံသည် အပင်မကျပါက နောက်တစ်ကြိမ် ပြန်လည်သီးပွင့်နိုင်သော အစွမ်းရှိသည်။

          ယခင်နှစ် အချိန်အခါက မတ်ပဲ အဝါရောင်ဖြစ်ခြင်းမှာ ပဲခင်းများထဲတွင် ပြောက်တိ ပြောက်ကြား သာတွေ့ရလေ့ရှိပြီး ယခုအခါတွင် ပဲခင်းတစ်ခင်းလုံးအထိ ဖြစ်ပေါ်လာသည့်အတွက် ပိုမိုဆိုးရွားသွားသည်ကို တွေ့ရှိရပါသည်။ မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို လေ့လာရန်နှင့် ဖြစ်ပေါ်စေနိုင်သော အကြောင်းအရင်းများမှာ- မြေအစိုဓာတ်လွန်ကဲခြင်းကြောင့် ရောဂါဖြစ်ပေါ်နိုင်ခြင်း၊ ရွက်ဖျန်းဆေး အသုံးများပြီး ဆေးကြွင်း၊ ဆေးကျန်များခြင်းကြောင့် အပင်များရောဂါဖြစ်ပေါ်နိုင်ခြင်း၊

ပိုးမွှားကျရောက်ရာတွင် ပဲပင်၏ အရွယ်အစားအလိုက်ဖော်ပြပါ ပိုးများမှာ သက်တမ်းတစ်လျောက် ကျရောက်နေခြင်း၊ ဆေးများအကြိမ်ကြိမ် သုံးစွဲခြင်းကြောင့် ရောဂါဖြစ်ပေါ်နိုင်ခြင်း၊ ပိုးမွှားများ ကျရောက်ခြင်းတို့ကြောင့် ဒဏ်ရာများ ၊ ပိုးချေးများ မှတစ်ဆင့် ရောဂါဝင်ရောက်နိုင်ခြင်းစသည့် အချက်များသည် မတ်ပဲပင် အဝါဖြစ်ပေါ်နိုင်ခြေရှိသော အကြောင်းအရင်းများသာ ဖြစ်သဖြင့် ပညာရှင်များ သုတေသနပြုစု ဆောင်ရွက်ပြီး နည်းပညာကောင်းများ ရှာဖွေဖော်ထုတ်၍ ဆေးကောင်းများ ဖော်ထုတ်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

          သို့ဖြစ်ပါ၍ သွင်းအားစု ထုတ်လုပ်၊ ရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ် ရောင်းချသော ဆေးများကို သုံးစွဲခြင်းဖြင့် စိုက်ခင်းအတွင်း ဖြစ်ပေါ်ကျရောက်နေသော မှိုရောဂါနှင့် ပိုးမွှားရောဂါ ကင်းရှင်းမှုကို သက်တမ်း ရက်သတ္တပတ်ကာလ တစ်ခု သတ်မှတ်အာမခံရန်နှင့် ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိူး (အပင်ဝါခြင်း) နှင့် အခြားရောဂါကိုလည်း အာမခံရန် လိုအပ်ပါသည်။  ဤအပင်ဝါရောဂါဖြစ်ခြင်းသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး ကြာလျှင် တောင်သူများ မတ်ပဲစိုက်ပျိုး၊ ထုတ်လုပ်ခြင်းကို ကံစမ်းမဲထိုးသည့် သဘောမျိုး မသေချာမှု များနှင့် ရင်းနှီး၊ မြှုပ်နှံရသည်အထိ စိုးရိမ်စရာ ဖြစ်လာနိုင်သည့် အဆင့်ထိ ဖြစ်လာနိုင်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ အပင်ဝါ ပေါ်ပေါက်ခြင်းကြောင့် ပဲတစ်ပင်၏ အစာချက်နှုန်း ကျဆင်းစေပြီး အသီး မအောင်ခြင်း၊ သီးတောင့်ကောက်ပြီး အစေ့အကုန်မအောင်ခြင်း၊ အပွင့်ပွင့်နှုန်းကျဆင်းမှုများပြီး ပဲထွက်နှုန်းတို့ကို သိသာစွာကျဆင်းစေပါသည်။ ထူးခြားသည်မှာ အစေ့အရောင်မှာ ဝါမသွားပဲ အမဲရောင်သာရှိနေကြာင်း လေ့လာတွေ့ရှိရပါသည်။

DOCA(ပဲခူး)