ပဲမျိုးစုံရောင်းဝယ်ဖြန့်ဖြူးနေသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းဝယ်ဖြန့်ဖြူးနေသော ပဲမျိုးစုံတို့တွင် အမျိုးအစားတူ အရည်အသွေးနိမ့်သော ကုန်စည်များ ရောနှောရောင်းချမှုမရှိစေရေး၊ အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်များ ရောနှော ရောင်းချမှု မရှိစေရေးနှင့် အလေးချိန် အချိန်အတွယ်ပြည်ဝမှန်ကန်မှုရှိစေရေး ရည်ရွယ်၍ ခရိုင် ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနတာဝန်ခံတို့သည် မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည် ကုန်စည်ဒိုင်၌ ပဲမျိုးစုံရောင်းဝယ်ဖြန့်ဖြူးနေသော ပွဲရုံလုပ်ငန်းရှင်တို့နှင့်တွေ့ဆုံ၍ စားသုံးသူ အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ပဲမျိုးစုံ ရောင်းဝယ်ဖြန့်ဖြူးနေသော လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ရာတွင် ပြည်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်တို့၏ တာဝန်များ၊ ပုဒ်မ (၆၅)(၆၆)တို့တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ အကြောင်းအား အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ရာ ပြည်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်ဖြန့်ဖြူး တင်ပို့ဆောင်ရွက်နေသော ပွဲရုံလုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံ များသည် ပြည်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းချနေသော ပွဲရုံကြီးများသို့ သွားရောက်၍ ကွင်းဆင်း စိစစ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)