တရုတ်အာလူးအဝင်လျော့၊ ပြည်တွင်းအာလူးအထွက်ကျသဖြင့် အာလူးဈေးတက်

Powered by Drupal

    ယခုနှစ်တွင် ပြည်တွင်း၌ အာလူးအထွက်နှုန်း လျော့ကျသည့်အပြင် တစ်ဖက်တွင်လည်း ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားရခြင်းကြောင့် တရုတ်နိုင်ငံဘက်မှပုံမှန် ဝယ်ယူတင်သွင်း နေသည့် အာလူးများ အဝင်လျော့နည်းနေပြီး အာလူးဈေးတက်နေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

      လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်နေပြီး ကုန်စည်စီးဆင်းမှုအခက်အခဲများ ဖြစ်ပေါ်နေသလို ယခုနှစ် အာလူးစိုက်ရာသီတွင် လည်း အပူချိန်မြင့်တက်ခဲ့သည့်အတွက် အာလူးအထွက်နှုန်း ထိခိုက်ခဲ့ကြောင်းသိရသည်။" ပြည်တွင်းအာလူးလည်း ဈေးကွက်ထဲ အဝင်နည်းတယ်။တရုတ်အာလူးကလည်း အဝင်နည်းနေတယ်။  ဒါကြောင့် အာလူး‌ဈေးကောင်းနေတာ"ဟု အာလူးကုန်သည်တစ်ဦးက ပြောသည်။

      ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးဒေသထွက် အာလူးတပိဿာ အမြင့်ဆုံးဈေး ၃,၅၀၀ ကျပ်၊ တရုတ်အာလူး တပိဿာအမြင့်ဆုံးဈေး ၄,၅၀၀ ကျပ်နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ထို့ပြင် ရန်ကုန် လက်လီဈေးကွက်တွင် တပိဿာ အမြင့်ဆုံးဈေး ကျပ် ၅,၀၀၀ ဖြင့်ရောင်းချနေကြကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အာလူးကို တောင်ပေါ်၊ မြေပြန့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်၌ ၆၀ ရာခိုင်နှုန်းထိ အများဆုံး စိုက်ပျိုးကြောင်း၊ အာလူးစိုက်ပျိုးမှု ပမာဏသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် တနှစ်ထက်တနှစ် လျော့နည်းကျဆင်းလာကြောင်း  အင်တာနက်သတင်းဌာနမှတဆင့် သိရသည်။

DOCA(ရှမ်း)