တစ်ကမ္ဘာလုံး စားအုန်းဆီတင်ပို့မှု၏ ၅၄ရာခိုင်နှုန်းကို အင်ဒိုနီးရှားလွှမ်းခြုံထား

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီတင်ပို့မှုကိုလွှမ်းမိုးထားပြီး ကမ္ဘာ့စားအုန်းဆီထောက်ပံ့မှု၏ ၅၄ရာခိုင်နှုန်းရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတန်ချိန် ၅၆သန်းထုတ်လုပ်ခဲ့ပြီး တန်ချိန် ၂၆.၃၃သန်းတင်ပို့ခဲ့ကြောင်းသိရပါသည်။ စားအုန်းဆီသည် အင်ဒိုနီးရှားနိုင်ငံအတွက် မဟာဗျူဟာမြောက်ပို့ကုန်ပစ္စည်းဖြစ်ကြောင်းသိရပါသည်။ ဝန်ကြီးက စားအုန်းဆီလုပ်ငန်းသည် လုပ်သား ၁၆.၂သန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပံ့ပိုးထားကြောင်းပြောကြားခဲ့ပါသည်။ စားအုန်းဆီသည် စားအုန်းဆီထုတ်လုပ်သည့်ဧရိယာများအတွက် စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုအဆင့်ကိုလျှော့ချစေနိုင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ၎င်း၏ဝန်ကြီးဌာနအနေဖြင့် တန်ဖိုးပိုမြင့်သည့် ကုန်ချောများကိုထုတ်လုပ်ရန်အတွက် စားအုန်းဆီအထွက်နှုန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဥပမာအနေဖြင့်ဆိုရသော် B40 ဘိုင်အိုဒီဇယ်သည် လောင်စာအဖြစ် စားအုန်းဆီမှတစ်ဆင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့်လည်း Indonesia Sustainable Palm Oil(ISPO) ထောက်ခံချက်လက်မှတ်နှင့် The People’s Palm Oil Rejuvenation(PSR) ပရိုဂရမ်များပါဝင်သည့် မူဝါဒများချမှတ်ရန်အားထုတ်နေပြီး တည်ငြိမ်သောစားအုန်းဆီလုပ်ငန်းကဏ္ဍကိုဖန်တီးရန် အာရုံစိုက်လျက်ရှိကြောင်းသိရပါသည်။ IPSO သည် စားအုန်းစိုက်ခင်းနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် တည်ငြိမ်မှုရှိသောထောက်ခံမှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်ကြောင်းသိရပါသည်။ အစိုးရသည် PSR Program အတွက် စားအုန်းစိုက်ခင်းရန်ပုံငွေစီမံခန့်ခွဲရေးအေဂျင်စီကို ၃၃၁၀၀၇ဟတ်တာဧရိယာအတွက် ရူပီး ၉.၂၅ထရီလီယံထုတ်ပေးခဲ့ကြောင်းသိရပါသည်။

Source: Jokarta Post

DOCA(ရန်ကုန်)