ဗီယက်နမ်-ကနေဒါ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရန် အသင်းကကြိုးစားအားထုတ်သွားမည်

Powered by Drupal

      ဗီယက်နမ်-ကနေဒါစီးပွားရေးအသင်း (VCBA) သည် လာမည့်နှစ်များတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူး‌ပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရေးအတွက်ကူညီရန် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ပေးမှုကိုမြှင့်တင်သွားမည်ဟုသိရပါသည်။ VCBA ကကျင်းပခဲ့သည့် ၂၀၂၄-၂၀၂၇ သက်တမ်းကာလအတွက် ဒုတိယအကြိမ်မြောက်ကွန်ဂရက်အစည်းအဝေးမှာ ကနေဒါနှင့် အခြား နိုင်ငံများမှ အဖွဲ့ဝင်များသာမက နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက် ပြည်ပနိုင်ငံများရှိ ဗီယက်နမ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ကနေဒါနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်းသိရပါသည်။ VCBA ၏ ဥက္ကဋ္ဌအသစ်ဖြစ်သူ Chau Tu Cuong က အသင်းအနေဖြင့် နှစ်နိုင်ငံလုပ်ငန်းများအကြား ချိတ်ဆက်မှုနှင့် ပံ့ပိုးပေးမှုတို့တွင် ပိုမိုကောင်းမွန် သည့် စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ကြောင်းနှင့် အောင်မြင်မှုများရှေ့ဆက်ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမွှန်းတင်ပြောကြားသွားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Le Thi Thu Hang ၏ ကွန်ဂရက်သို့‌ပေးပို့ခဲ့သည့် ဂုဏ်ပြုစာတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် VCBA ကို ပိုမိုထိရောက်စွာလုပ်ကိုင်နိုင်စေရန်အတွက် ပံ့ပိုးမှုပေးရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် ကနေဒါနှင့်ကမ္ဘာတစ်ဝန်းရှိ ဗီယက်နမ်အသိုင်းအဝန်းအားကောင်းမှုကိုမြှင့်တင်ရန် ကူညီသွားမည်ဟု အခိုင်အမာပြောကြားထားကြောင်းသိရပါသည်။ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့သည့် VCBA ကို နှစ်နိုင်ငံကြားစီးပွားရေးချိတ်ဆက်မှုကိုအရှိန်မြှင့်တင်ရန်၊ နှစ်နိုင်ငံကြားရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ဆောင်ရန်ဆန္ဒရှိသည့် ဗီယက်နမ်နှင့်ကနေဒါလုပ်ငန်းများကို အတူတကွချိတ်ဆက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ၎င်းအဖွဲ့သည် ကနေဒါနိုင်ငံအတွင်း လုပ်ငန်း လုပ်ကိုင်ရန် ကနေဒါအစိုးရ၏ တရားဝင်အသိအမှတ်ပြုမှုနှင့် လိုင်စင်ရရှိထားကြောင်းသိရပါသည်။ ၎င်းအချက်သည် အဖွဲ့၏အဖွဲ့ဝင်မှုအရေအတွက်ကို လျင်မြန်စွာမြင့်တက်လာရန်ကူညီခဲ့ပြီး ယခုတွင် အဖွဲ့ဝင်အရေအတွက် ၃၅၀ဖြင့် (၂)ဆအထိတိုးမြှင့်လာကြောင်းသိရပါသည်။ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင် အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကျော်ရှိခဲ့ကာ ဗီယက်နမ်ကို ကနေဒါနိုင်ငံ၏ အရှေ့တောင်အာရှအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် ပြောင်းလဲစေခဲ့ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)