“စလင်းမြို့နယ်မှ တွက်ခြေကိုက်သည့် ကုလားပဲသီးနှံ”

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဦးဆန်းလင်းမောင်(ဦးစီးမှူး)သည် (16.3.2022)ရက်နေ့တွင် စလင်းမြို့နယ်၊ စာစီကျောင်းကျေးရွာ၌ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလားပဲစိုက်ပျိုးသော တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။ စာစီကျောင်းကျေးရွာသည် အိမ်ခြေ(200) ခန့်ရှိပြီး၊ လူဦးရေ(700)ခန့်ရှိကြောင်း နှစ်စဉ်စပါးနှင့်ကုလားပဲသီးနှံများကို အဓိကစိုက်ပျိုးလျှက်ရှိ ကြောင်း၊ ယခင်နှစ်က ကုလားပဲစိုက်ပျိုးရာတွင် အရှုံးပေါ်မှုများကြောင့် စိုက်ပျိုးမှုနည်းခဲ့သော်လည်း ယခုနှစ်စာစီကျောင်း ကျေးရွာတွင် ကုလားပဲစိုက်ပျိုးဧက (120)ခန့်စိုက်ပျိုးခဲ့ပြီး ကုလားပဲလုံးကြီး၊ ကုလားပဲလုံးသေး၊ 929 ကုလားပဲမျိုးများစိုက်ပျိုးခဲ့ကြောင်း တောင်သူဦးခင်မောင်ဦးအနေဖြင့် ကုလားပဲ လုံးကြီးမျိုး 3ဧကစိုက်ပျိုးခဲ့ရာ (42)တင်းထွက်ရှိ၍ တစ်ဧကပျမ်းမျှ(14)တင်းနှုန်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး မိုးနည်းပါး၍ အအေးပိုသောကြောင့် ကုလားပဲအထွက်ကောင်းကြောင်းသိရှိရပါသည်။

          ကုလားပဲစိုက်ပျိုးရန် မိုးစပါးရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလဆန်းမှစ၍ တစ်ဧကမျိုး(2)တင်းနှုန်း ကျဲပတ်ပြီး (16)သွားထွန်ဖြင့် ပြန်ဖုံးကြောင်း၊ မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးပြီးချိန်ထိ (13000ဝိ/-) ကုန်ကျကြောင်းသိရှိရပါသည်။စိုက်ပျိုးပြီး (3)လခွဲခန့်အကြာတွင် ကုလားပဲများရင့်မှည့်၍ ရိတ်သိမ်းနိုင်ကြောင်း၊ ကုလားပဲ (1)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ရာတွင် နွားရှဉ်း (2)ရှဉ်း ငှားရမ်းခအတွက် ငွေကျပ်(2000ဝိ/-)ကုန်ကျကြောင်း၊ ထွန်စက်ဖြင့်ငှားရမ်းသုံးစွဲပါက (2)နာရီခန့် မောင်းရပြီး(1)နာရီကျပ် (2500ဝိ/-)နှုန်းပေးရသည့်အတွက် (5000ဝိ/-)ကုန်ကျကြောင်း၊ ကျဲပတ်စနစ်ဖြင့်စိုက်ပျိုးရာတွင်  လူတစ်ဦးနေ့တွက်ခပေးရသည့်အတွက် လုပ်သားခ (800ဝိ/-) ကုန်ကျကြောင်း၊ စလင်းဒေသသည် လင်းဇင်းရေလွှဲဆည်၊ စလင်းတမံ၊ မဲဇလီရေလွှဲဆည်များမှ အောင်ရေရရှိသည့်အတွက် ရေသွင်းမှုအကြိမ်ရေလျော့နည်းပြီး ကုန်ကျစရိတ်နည်းသော်လည်း ပိုးသတ်ဆေး၊ အပင်အားဆေး၊ သွင်းအားစုအမျိုးအမျိုး၊ ဓါတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကုန်ကျစရိတ်များပြားခြင်း၊ (1) ဧကအထွက်နှုန်း (14)တင်း(15)တင်းရှိပြီး စက်ချွေခအနေဖြင့် (1)တင်း (2000)ကျပ်နှုန်းဖြင့် (3000ဝိ/-)ကုန်ကျကြောင်း၊ အိမ်အရောက်သယ်ယူခ (1000ဝိ/-)ကုန်ကျ၍ ကုလားပဲ(1)ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ (35000ဝိ/-)ခန့်ရှိကြောင်းသိရှိရပါသည်။ ကုလားပဲစိုက်ပျိုးသူဦးခင်မောင်ဦးအနေဖြင့် ဝင်ငွေ (56000ဝိ/-)ပြန်လည်ရရှိ၍ အကျိုးအမြတ် (21000ဝိ/-)ဝန်းကျင်ရရှိကြောင်းသိရှိရပါသည်။

          ကုလားပဲ(1)ဧကအထွက်နှုန်းမှာ စိုက်ပျိုးမြေကွာခြားမှု သွင်းအားစုသုံးစွဲပုံမတူညီမှု၊ ရေသွင်းအကြိမ်ရေကွာခြားမှုတို့ကြောင့်ဖြစ်ပြီး ယခုနှစ်ကုလားပဲဈေးကွက်အနေဖြင့် (1)တင်းလျှင် (4000ဝိ/-)မှ (4200ဝိ/-)ရှိ၍ တောင်သူများအဖို့ တွက်ခြေကိုက်ကြောင်း၊ စလင်းမြို့နယ်၊ စာစီကျောင်းကျေးရွာသည် လူဦးရေနည်းပါးပြီး ကုလားပဲစိုက်ဧကများသောကြောင့် ပိုလျှံသော ကုလားပဲများကို မြို့ပေါ်ရှိပွဲရုံများသို့ ဖြန်ဖြူးရောင်းချကြောင်း၊ ကုန်ချောအဖြစ် ဗယာ‌ကြော်၊ ပဲခွေကြော်၊ ပဲချောင်းလုပ်ငန်းများတွင်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုကြောင်း၊ ယခုနှစ်ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်သည့်အတွက် အမြစ်ပိုးစွဲမှုနည်းပါးခြင်း၊ မှိုရောဂါနည်းပါခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် ဈေးနှုန်းအနေဖြင့်လည်း သင့်တင်မျှတသောကြောင့် တောင်သူများအဖို့ တွက်ခြေကိုက်သောနှစ်တစ်နှစ်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)