မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ဒုတိယခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် မတ်လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန် တွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပခုက္ကူမြို့ပေါ်ရှိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသောဆိုင်များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ် လာပုံအကြောင်း၊ (၂၀၁၆)ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ၂၀၂၂ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာစားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားသော "ညီညွှတ်မျှတ ဒဏ်ဂျစ်တယ်ငွေ ကြေးကဏ္ဍ" ဆောင်ပုဒ်နှင့်အညီ ထုတ်ပြန်ထားသော အချက်အလက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာကိစ္စများ မေးမြန်းရန်အတွက်လည်း Consumer Call Center အား စတင်ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ စားသုံးသူ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့်တို့နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကိုသိရှိရန်လိုအပ်ကြောင်း၊ လိုက်နာရမည့်တာဝန်များလည်းရှိကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အညီ လိမ်လည်မှုများလည်း နည်းလမ်းအမျိုးမျိုးရှိနေသည့်အတွက် ငွေကြေးပိုင်းဆိုင်ရာများ ထိခိုက်နစ်နာမှုရှိနိုင်၍ အသိ၊ သတိများရှိစေလိုပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများတွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ ဖြေရှင်းပေးရသည့် တိုင်ကြားမှုများမှာ အများဆုံးဖြစ်နေသောကြောင့် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ပို့စကဒ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် မြန်မာနိုင်ငံစားသုံးသူကော်မရှင်မှ ထုတ်ပြန်သည့်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မကွေး)