တောင်ငူခရိုင်အတွင်း အထူးဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချသည့် တောင်ငူမြို့၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ Denko (Taungoo) စက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိပြီး Premier Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်တာဝန်ခံနှင့်အတူ ရေတာ ရှည်မြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၁၉၂ ရှိ Petro K (Yedashe) သို့ ရောက်ရှိပြီး Premier Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စက်သုံးဆီများ၏ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရေးတို့ကို မှာကြားခဲ့ပါသည်။

           စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသည့် စက်သုံးဆီကုမ္ပဏီများမှ နိုင်ငံခြားငွေ ရရှိမှုအပေါ်မူတည်၍ စက်သုံးဆီများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)