တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ စစ်ဆေးရေးဂိတ်အသစ်ဖွင့်လှစ်မှုက ထိုင်းသစ်သီးဝလံများ တင်ပို့မှု အထောက်အပံ့ပြု

Powered by Drupal

   တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ မဲခေါင်မြစ်ကမ်းရှိ ဆိပ်ကမ်းတစ်ခုတွင် စစ်ဆေးရေးဂိတ် အသစ်တစ်ခု ဖွင့်လှစ်လိုက်သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများအနေဖြင့် ရေ ကြောင်းဖြင့် သစ်သီးဝလံများကို ပိုမိုအဆင်ပြေစွာ တင်ပို့နိုင်မည်ဖြစ်သည်ဟု ထိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့ပါသည်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) အနေဖြင့် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ယူနန်ပြည်နယ် Xishuangbanna ခရိုင်ရှိ Guanleigang ဆိပ်ကမ်းတွင် သစ်သီးဝလံ အကောက်ခွန်စစ်ဆေးရေးဂိတ်အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ ထို့သို့ဖွင့်လှစ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများသည် ထိုင်းနိုင်ငံ၊ Chiang Rai ဒေသရှိ Chiang Saen စစ်ဆေးရေးဂိတ်မှတစ်ဆင့် Guanleigang ဆိပ်ကမ်းသို့ တိုက် ရိုက်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ယခုမြစ်ကြောင်းအတိုင်း ရေဆန်လမ်းအသစ်သည် ကုန်းလမ်းမှ ပို့ဆောင်မှုထက် ပိုမိုလျင်မြန်စွာ တင်ပို့နိုင်သည့် အခြားရွေးချယ်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ Shannxi ပြည်နယ် Xi An မြို့၌ GACC နှင့် ထိုင်းနိုင်ငံစိုက်ပျိုးရေး ဝန်ကြီးဌာနတို့ ပူးတွဲကျင်းပပြုလုပ်ခဲ့သည့် တိရစ္ဆာန်နှင့်အပင်များ ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ ပူးတွဲနည်းပညာကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေး သို့ တက်ရောက်ချိန်၌ စစ်ဆေးရေးဂိတ်အသစ် ဖွင့်လှစ်ထားသည်ကို သိရှိခဲ့ရကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံမှု ပိုမိုခိုင်မြဲစေရေး တွန်းအားပေးရန်အတွက် ထိုင်းဝန်ကြီးချုပ် Srettha Thavisin နှင့် စိုက်ပျိုးရေးဝန်ကြီး Thamanat Prompow တို့၏ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုအပေါ် တုံ့ပြန်မှုအဖြစ် ၎င်းဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Rapeepat Chantharasriwong က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

    တရုတ်နိုင်ငံ GACC နှင့် ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသော တိရစ္ဆာန်နှင့် အပင်များ ပိုးမွှားရောဂါကင်းရှင်းရေး အစီအမံဆိုင်ရာ သဘောတူညီချက်အရ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ ပိုမိုအဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေး ခွင့်ပြုထားပါကြောင်း၊ အဆိုပါသ‌ဘောတူညီချက် ရေးထိုးနိုင်ခြင်းကြောင့် အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့သော လယ်ယာထွက်ကုန်များအနက် သုံးပုံတစ်ပုံအထိကို ထိုင်းနိုင်ငံထံမှ တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ သစ်သီးဝလံတင်သွင်းသူများ ပိုမိုအဆင်ပြေစေရန် ထိုင်းသစ်သီးဝလံများ အတွက် အပင်ပိုးမွှားရောဂါကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်များအား အီလက်ထရောနစ်နည်းလမ်းဖြင့် စစ်ဆေးဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ထိုင်းစိုက်ပျိုးရေးဦးစီးဌာနနှင့် GACC တို့အကြား ထူထောင်ထားပြီးဖြစ်ကြောင်း၊ ထိုင်းလယ်ယာထွက်ကုန်များဖြစ်သည့် အေးခဲထားသော မင်းကွတ်သီးများနှင့် အခြားအေးခဲသစ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးအတွက် GACC နှင့်ညှိနှိုင်းမှုများ‌ လုပ်ဆောင်လျက်ရှိကြောင်း စသည်ဖြင့် Mr. Rapeepat က ပြောကြားခဲ့ ပါသည်။

Source: The Nation Thailand, August 05, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)