စားအုန်းဆီ ပြည်တွင်းရောင်းချမှု စည်းမျဉ်းများ အင်ဒိုနီးရှားအစိုးရ ပြန်လည်ပြင်ဆင်မည်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပြည်တွင်း စားအုန်းဆီဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်း သုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစားသတ်မှတ်သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါ DMO အစီအစဉ်အား ပြန်လည်ပြင်ဆင်ရန်စီစဉ်လျက်ရှိပြီး စားအုန်းဆီ တင်ပို့ခွင့်ပမာဏအချိုးကို ထိခိုက်နိုင်မည်မဟုတ် ဟု အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၁-၈-၂၀၂၄ ရက်၊  ကြာသပတေးနေ့တွင် ပြောကြားကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်သူ များ အနေဖြင့် ပို့ကုန်ပါမစ်ရရှိနိုင်ရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ် တစ်ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့်သတ်ထားသည့် စျေးနှုန်းတစ်ရပ်ဖြင့် ရောင်းချပေးရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

     ပြည်တွင်း စားအုန်းဆီဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (DMO) စည်းမျဉ်း များအရ ပို့ကုန်အချိုးအစားပြောင်းလဲနိုင်ခြင်း ရှိ/မရှိ သတင်းထောက်များက မေးမြန်းရာတွင် ထိုကဲ့ သို့ ပြောင်းလဲမည့် အစီအစဉ်မရှိသေးကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှု ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Budi Santoso က ပြောကြားခဲ့ပါသည်။

    လက်ရှိကာလတွင် DMO အစီအစဉ်အရ ပို့ကုန်ကုမ္ပဏီများက ပြည်တွင်း၌ ရောင်းချပေး သော စားအုန်းဆီပမာဏ၏ ၄ ဆကို တင်ပို့ခွင့်ခွဲတမ်းအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အပြင် အိမ်ထောင်စုသုံးစွဲရန်လွယ်ကူသည့် အရွယ်အစားငယ်သော ပုံးများဖြင့် ပြည်တွင်း၌ ရောင်းချပေး သည့် ကုမ္ပဏီများအား အပိုခွဲတမ်းများ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်အထိ စားအုန်းဆီတင်ပို့ရန် ကျန်ရှိနေသော ခွဲတမ်းပမာဏမှာ တန်ချိန် ၃ ဒသမ ၉၅ သန်းရှိကြောင်း Mr. Budi က ဆက်လက်ပြောကြားခဲ့သည်။

    လက်ရှိ စားအုန်းဆီ လက်လီစျေးနှုန်းသည် ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ထားသည့် ဈေးနှုန်း ထက် ကျော်လွန်နေပြီဖြစ်သည့်အတွက် DMO စည်းမျဉ်းများအား ပြန်လည်ပြင်ဆင်မည့် အစီအမံ တွင် အစိုးရသည် ပြည်တွင်းဈေးကွက်အတွက် စားအုန်းဆီစျေးနှုန်း အမြင့်ဆုံး ကန့်သတ်ချက်ကို မြှင့်တင်ရန်စီစဉ်လျက်ရှိကြောင်းနှင့် ပြင်ဆင်မည့် DMO အစီအစဉ်စည်းမျဉ်းသည် မူလသတ်မှတ် ထားသည့် ပြည်တွင်း၌ ရောင်းချပေးရမည့်ပမာဏနှင့် တင်ပို့ခွင့်ပြုမည့်ပမာဏတို့အချိုး အပေါ် သက်ရောက်မှုမရှိကြောင်း ပြည်တွင်းကုန်သွယ်မှုညွှန်ကြားရေးမှူးချုပ် Mr. Isy Karim က ပြော ကြားသည်။

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လစဉ်စျေးသက်သာသော စားအုန်းဆီ (ဟင်းချက်ဆီ) တန်ချိန် ၃၀၀,၀၀၀ ခန့်ကို ပြည်တွင်း၌ ရောင်းချနိုင်စေရန်ရည်ရွယ်၍ DMO အစီအစဥ်ကို တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း မကြာသေးမီလများအတွင်း အဆိုပါအစီအစဉ်သည် ပို့ကုန် ဈေးကွက်အားနည်းခြင်းကြောင့် ရည်မှန်းချက်၏ ထက်ဝက်ခန့်သာ အောင်မြင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: The Edge Malaysia, 1st Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)