၂၀၂၄ခုနှစ် ပထမ ၆လတာကာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀.၉၅ဘီလီယံရှိခဲ့ပြီး အလုပ်သမားဦးရေ ၁၂၂၅၀၄၂ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးဝန်ကြီး Bahlil Lahadolia ကပြောကြားခဲ့ပါသည်။ ဂျကာတာမြို့တွင် ဇူလိုင်လ ၂၈ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၂.၃ရာခိုင်နှုန်းကြီးထွားလာခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်ဖြစ်သည့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁.၂၉ဘီလီယံပြည့်မီရန်အတွက် ၅၀.၃ရာခိုင်နှုန်းကိုရောက်ရှိနေပြီဟုပြောကြားခဲ့ပါသည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပမာဏမှ အမေရိကန်ဒေါ်လာ ၂၅.၀၆ဘီလီယံရှိပြီး အင်ဒိုနီးရှားလုပ်သား ၇၃၈၂၀၂ဦးခန့်အပ်နိုင်ခဲ့ကြောင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏမှ အမေရိကန်ဒေါ်လာ ၂၅.၈၈ဘီလီယံရှိပြီး လုပ်သား ၄၈၆၈၄၀ဦးခန့်အပ်နိုင်ခဲ့ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ် ပထမ ၆လတာကာလတွင် လုပ်သား ၈၄၉၁၈၁ဦးခန့်အပ်နိုင်ခဲ့ခြင်းနှင့်နှိုင်းယှဉ်ပါက လူဦးရေ ၃၇၅၈၆၁ဦးပိုမိုခန့်အပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ သတ္တု၊ သတ္တုထုတ်ကုန်၊ ပစ္စည်းကိရိယာတပ်ဆင်ရေးစက်မှုလုပ်ငန်း၊ စက်ယန္တရားမဟုတ်သည့် လုပ်ငန်းသယ်ယူပို့ဆောင်ရေး၊ ကုန်ပစ္စည်းသိုလှောင်ခြင်းနှင့် ကြေးနန်းဆက်သွယ်ရေးတို့ပါဝင်သည့်ကဏ္ဍများသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်းသိရပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍများသည် ရင်းနှီးမြှုပ်နှံမှုရှိပြီး သယ်ယူပို့ဆောင်ရေးကုန်ပစ္စည်းသိုလှောင်ခြင်းနှင့် ကြေးနန်းဆက်သွယ်ရေးကဏ္ဍတို့တွင် အမေရိကန်ဒေါ်လာ ၅.၄၇ဘီလီယံရှိကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်ကာလတွင် အများဆုံးရင်းနှီးမြှုပ်နှံကြသူများမှာ စင်္ကာပူက အမေရိကန်ဒေါ်လာ ၈.၉ဘီလီယံ၊ တရုတ်က အမေရိကန်ဒေါ်လာ ၃.၉ဘီလီယံ၊ ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံ၊ အမေရိကန်က အမေရိကန်ဒေါ်လာ ၂ဘီလီယံနှင့် ဂျပန်က အမေရိကန်ဒေါ်လာ ၁.၈ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ကြောင်းသိရပါသည်။
Source : Jakarta Post
DOCA(ရန်ကုန်)