ကျိုက်မရောမြို့နယ် ရေတွင်းကုန်း‌ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၄.၈.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်၌ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်း‌ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(နောင်လုံကွင်း) ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်သောသတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကိုတိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသင့်စားအစားအစာများကို ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦး  စုစုပေါင်း (၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)