သပြေပန်းအကြောင်းသိကောင်းစရာ

Powered by Drupal

        မြန်မာလူမျိုးများ၏ ဘုရားစင်များတွင် ဘုရားပန်းတင်သည့်အခါ အောင်သပြေပန်းမှာ မပါမဖြစ် လှူဒါန်းသောပန်းဖြစ်ပါသည်။ ယခုဆိုလျှင် ပန်းဈေးကွက်တွင် မြန်မာသပြေဟုခေါ်သာ အောင်သပြေညွန့်ကို ငုတ်များတွေတူးရောင်းသော သပြေငုတ်၊ အညွန့်ကလေးများ ရဲရဲတောက်နေအောင်လှသော အာဆီယံသပြေစသည့် သပြေပန်းမျိုးစုံမှာလည်း ဈေးကွက်ထဲ၌ နေရာယူလျက်ရှိပေသည်။

       သပြေပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။ ရေကြိုက်သည့်အပင်အမျိုးအစားဖြစ်သည့်အတွက် သပြေပင်စိုက်မည်ဆိုလျှင် ရေရရှိသာအရပ်ဒေသ၊ ရေသွယ်ယူ၍လွယ်ကူသောနေရာများတွင် စိုက်ပျိုးရသည်။ သပြေပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်၍ သပြေပင်ကို စီးပွားဖြစ်စိုက်ပျိုးပါက တစ်နေ့လျှင် ရေ(၂)ကြိမ်လောင်းပြီး စိုက်ပျိုး၍ရကြောင်းသိရပါသည်။ သပြေပင်သည် အမြစ်ရှည်သည့်အပင်မျိုးဖြစ်ပြီး ရေကြိုက်သည့်အပင်ဖြစ်ပါသည်။ သပြေငုတ်များကို စိုက်ပျိုးပြီး (၃-၅)နှစ်အကြာ၌ ငုတ်တူးပြီး ဈေးကွက်သို့ပို့နိုင်ပါသည်။ အာဆီယံသပြေကိုမူ ပြုစုမှုကောင်းလျှင် ကောင်းသကဲ့သို့ (၈)လမှ တစ်နှစ်ခွဲကာလတွင် ဈေးကွက်အတွင်းသို့တင်ပို့နိုင်ပြီး နောက်ပိုင်းတွင်မူ (၁၅)ရက်တစ်ခါ ဖြတ်ရောင်းနိုင်ပါသည်။ မြန်မာနိုင်ငံ၌ သပြေပင်စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်း စသည့်နေရာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပဲခူးနယ်ဘက်မှထွက်သော သပြေများကို  နေပြည်တော်ဈေးကွက်သို့တင်ပို့ကြပြီး အာဆီယံသပြေမှာ မြို့ကြိုက်သပြေဖြစ်သည်။ တာရှည်ခံခြင်းကို ကြိုက်နှစ်သက်သောသူများက သပြေငုတ်ကို အဝယ်များကြပါသည်။ အာဆီယံသပြေမှာ လှပမှုရှိပြီး ရက်ရှည်အထားမခံဘဲ သုံးရက်မျှသာအထားခံပါသည်။

     ပဲခူးမြို့မဈေးကြီးနှင့် တာပေါ်ဈေးများတွင် သပြေများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယခုအခါတွင် သပြေဈေးနှုန်းများမှာ အတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် အခက်(၅)ခက်ပါသော သပြေတစ်စည်းလျှင် ၁၀၀၀ကျပ်၊ သပြေငုတ်တစ်ငုတ်လျှင် ၂၀၀၀ကျပ်၊ ၃၀၀၀ကျပ်၊ ၄၀၀၀ကျပ်အထိ ဈေးနှုန်းအမျိုးမျိုးဖြင့်ရောင်းချနေကြောင်း မြို့မဈေးကြီးရှိ သပြေညွန့်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)