"ဝင်ငွေလမ်းကြောင်း တိုးပွားဖို့ ဝဥစိုက်ကြစို့"

Powered by Drupal

         ချင်းပြည်နယ်တွင်    လူမှုအကျိုးစီးပွား   တိုးတက်လာစေရန်အတွက်    သော်လည်းကောင်း၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းရှားပါးမှု ပြဿနာများကို လျော့နည်းလာစေရန် အတွက်သော် လည်းကောင်း စသည့်ရည်ရွယ်ချက်များဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

          မြန်မာနိုင်ငံတွင် ဝဥပင်သည် နေရာအနှံ့တွင် သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက် လျက်ရှိပါသည်။  ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဖရိကဒေသ များတွင် သဘာဝအလျောက် ပေါက်ရောက်လာရခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဝဥမျိုးပေါင်း (၁၃၀)ကျော် ခန့်ရှိပြီး(၁၂)မျိုးခန့်သာ ထုတ်ဖော်သုံးစွဲလျက်ရှိကြောင်း တွေ့ရှိရပါသည်။  ဝဥ၏ ရုက္ခဗေဒအမည်မှာ (Amorphophallus Companuatus)ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ (Element Foot Yam, White Yam or Telingo)ဟု ခေါ်ဝေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် အဓိက စိုက်ပျိုးလျက်ရှိသော ဝဥမျိုး(၃)မျိုးရှိ ပါသည်။ ဝဥအနီ၊ အဝါ၊ အဖြူဟူ၍ ရှိရာ အနီဥသည် ဈေးကွက်တွင် အကောင်းဆုံး မျိုးစေ့ဖြစ်ပါသည်။ ဝဥပင်သည် မိုးများပြီး  ပင်လယ်ရေ အမြင့်ပေ (၅၀၀၀)ခန့်မြင့်မားသော  မြေနေရာများတွင် ပိုမိုဖြစ် ထွန်းလျက်ရှိကြောင်း  လေ့လာတွေ့ရှိရပါသည်။ ဝဥစိုက်ပျိုးရာတွင် မျိုးပွားနည်း(၄)မျိုးရှိပါသည်။ ပထမနည်းမှာ (၃၀)ကျပ်သားမျိုးဥကို စိုက်ပျိုးပါက နှစ်ချင်းအသုံးပြုနိုင်သည့် ရောင်းတန်းဝင် ဝဥရ မည်ဖြစ်ပါသည်။  ဒုတိယမျိုးပွားနည်းမှာ အရွက်မှအသီးများကို စိုက်ပျိုးခြင်း၊ ဝဥ ပန်းခိုင်မှ ရရှိသော အစေ့ငယ်များကို စိုက်ပျိုးခြင်း၊ ဝဥအလုံးကြီးမှ ခွဲယူပြီး မျိုးအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ ဝဥကို စတင်စိုက်ပျိုးမည်ဆိုပါက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းပြီး မီးရှို့ကာ စိုက်ခင်းအား မြေဆွခြင်း၊ ဘောင်ခတ်ခြင်းများပြုလုပ်ပြီး ဧပြီလနှင့် မေလတွင် စိုက်ပျိုးနိုင်ပါသည်။  တန်းကြား (၂)ပေ၊ ပင်ကြား (၁)ပေနှုန်းဖြင့် စိုက်ပျိုးမည် ဆိုပါက တစ်ဧကလျှင် ဝဥမျိုးပေါင်း(၅၄၅၅)ပင်အထိ ဆံ့အောင် စိုက်ပျိုးနိုင်ပါသည်။ (၂၀၁၈ - ၂၀၂၀)ခုနှစ်များတွင်  သုံးနှစ်အတွင်း တစ်ဧကလျှင် ကုန်ကျစရိတ်စုစုပေါင်း ကျပ်သိန်း (၅၀)ခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း (၁၀၀) အထိရရှိကြောင်း ဝဥစိုက်ပျိုး သူတောင်သူများထံမှ သိရပါသည်။ ပျှမ်းမျှအပူချိန်(၂၅) ဒီဂရီမှ(၃၅) ဒီဂရီ စင်ဒီဂရိတ်အကြား ပူနွေးစွတ်စိုသော ရာသီဥတုကို နှစ်သက်ပါသည်။  ဝဥစိုက်ပျိုးရာတွင်  မြေဆီလွှာ PH (5.5) မှ (7.2) နေရာများတွင် ပိုမိုဖြစ်ထွန်းသည်ကိုတွေ့ရပါသည်။

        ၂၀၂၀-၂၀၂၁ခုနှစ်တွင် ချင်းပြည်နယ် တစ်ပြည်နယ်လုံး၌ ဝဥစိုက်ဧကပေါင်း(၁၆၉၂၁) ဧက အထိရှိပါသည်။ မင်းတပ်(၄၃၁၀)ဧက၊ မတူပီ(၂၅၅၇)ဧက၊  ရေဇွာ(၂၇၅၆)ဧက၊ ကန်ပက်လက် (၉၉၀)ဧက၊ ပလက်ဝ(၂၁၉)ဧက၊ ဆမီး(၆၁)ဧက၊ ဟားခါး(၁၄၉၇)ဧက၊ ထန်တလန်(၂၂၈၇)ဧက၊ တီးတိန်(၈၆၀)ဧက၊ တွန်းဇံ(၁၁၇)ဧက၊ ကျီခါး(၅)ဧက၊ ဖလမ်း (၁၂၄၇)ဧက၊ ရိခေါဒါရ်(၁၅)ဧကအထိ အသီးသီး စိုက်ပျိုးလာခဲ့ကြပါသည်။ မင်းတပ်မြို့ နယ်တွင် ဝဥကို(၂၀၀၅)ခုနှစ် ခန့်ကစပြီး စီးပွား အဖြစ် အစပျိုး စိုက်ပျိုးလာခဲ့ကြပါသည်။ ဝဥစိုက်ပျိုးရာတွင် တောင်ကမ်းပါး၊ တောင်စောင်းများ၊ ဆင်ခြေလျှောနေရာများတွင် ဖြစ်ထွန်းလျက်ရှိပါသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်သူ နည်း ပါးလာပြီး ဝဥစိုက်ခင်းများကို အဓိက လုပ်ကိုင်လာကြပါသည်။ (၂၀၀၅မှ၂၀၀၉)ခုနှစ်များတွင် ဈေးနှုန်းနေဖြင့် ဝဥအစို (၁)ပိဿာလျှင် (၅၀မှ၁၀၀)ကျပ်အထိ၊ အခြောက်(၁)ပိဿာ လျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်အထိ၊ (၂၀၁၀ မှ၂၀၁၄)ခုနှစ်များတွင် အစို(၁)ပိဿာ လျှင်(၂၀၀မှ ၆၀၀)ကျပ်အထိ၊ အခြောက်(၁)ပိဿာလျှင်(၄၀၀၀မှ၈၀၀၀)ကျပ်အထိ၊ (၂၀၁၅မှ၂၀၁၇) ခုနှစ် များတွင် အစို(၁)ပိဿာလျှင်(၇၀၀ မှ ၁၅၀၀)ကျပ်အထိ၊ အခြောက်(၁)ပိဿာလျှင်( ၉၀၀၀ မှ ၁၂၀၀၀)ကျပ်အထိ၊ (၂၀၁၈မှ၂၀၂၀)ခုနှစ်များတွင် အစို(၁၆၀၀မှ၂၅၀၀)ကျပ်အထိ၊ အခြောက်  (၁)ပိဿာလျှင်(၁၃၀၀၀မှ၁၈၀၀၀)ကျပ်အထိ ဈေးနှုန်းများ အသီးသီး မြင့်တက်လာခဲ့ပါသည်။ (၂၀၂၁-၂၀၂၂)ခုနှစ်တွင် အစို(၁)ပိဿာလျှင်(၅၀၀ မှ ၇၀၀)ကျပ်အထိ၊ အခြောက်(၁) ပိဿာလျှင် (၅၀၀၀ မှ ၆၅၀၀)ကျပ်အထိ ဈေးနှုန်းများ လျော့ကျလာခဲ့ပါသည်။ အကြောင်းမှာ ကမ္ဘာ့ကပ်ရောဂါ (COVID-19)ကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ အကန့်အသတ်ဖြင့် ပိတ်ထားခြင်း၊ နယ်မြေဒေသလုံခြုံမှုမရှိခြင်း စသည့်အခြေအနေတို့ကြောင့် ဝဥဈေးနှုန်းများ လျော့ကျလာရခြင်း ဖြစ်ပါသည်။

       ဝဥကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။  ယခင်က ဝဥအစိုလိုက် တင်ပို့ ရောင်းချခဲ့ရာမှ (၂၀၁၇) ခုနှစ်ကစပြီး အစိုးရ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန် နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(MFPV)၊ ဓန(Facility)INGO အဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြီး ဝဥအခြောက် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာတွင် တစ်ရက် ကို ဝဥ အခြောက် တန်ချိန်(၂၀)အထိ ထုတ်လုပ်နိုင်သော ဝဥစက်ရုံကို ချင်းပြည်နယ်တွင် ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့ပါသည်။  ထိုသို့ ဝဥအခြောက် ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်ခြင်းကြောင့် ဒေသခံပြည်သူများ ဝင်ငွေအခွင့်အလမ်း ပိုမိုရရှိလာခဲ့ပါသည်။  ဝဥကို ခေါက်ဆွဲ၊ ကြာဇံ၊ အသားတု၊ ပေါင်ဒါ၊ အခြောက်ကြော်စသည့် ကျန်းမားရေးနှင့် ညီညွတ်သော ကုန်ချောများစွာရရှိပါသည်။ အခြားအစားအစာ ကုန်ပစ္စည်းများစွာကိုလည်း ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ထိုကြောင့် ပြည်တွင်း၌ ကုန်ချောပစ္စည်းများကို ထုတ်လုပ်နိုင်မှသာလျှင် ပြည်သူများ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ဝဥကို ကုန်ချောအဖြစ် ထုတ်လုပ် နိုင်ရန်အတွက် နိုင်ငံတော်အစိုး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ ဆက်လက် ပူးပေါင်းဆောင်ရွက်မှသာလျှင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် ပိုမို မြန်ဆန်ပြီး လွယ်ကူချောမွေ့လာမည်ဖြစ်ပါသည်။

        သို့ဖြစ်ပါ၍ ဝဥစိုက်တောင်သူများ၏ဘဝ အဆင်ပြေချောမွေ့မှုရှိစေရန် နိုင်ငံတော်အစိုးရ အနေဖြင့်(COVID-19)စည်းကမ်းချက်များနှင့်အညီ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များ အမြန် ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်ပေးပါရန် ဝဥစိုက် တောင်သူများအနေဖြင့် ဆန္ဒရှိကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Sources; Google, Local News, Department of Agriculture

Written by U Kee Aung Ling (DOCA,Chin State)