ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ခုနှစ်တွင် မွေးမြူရေးထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁မှ ၁.၅ဘီလီယံရရှိရန်ရည်မှန်းချက်ထားလျက်ရှိပြီး တင်ပို့မှုမြင့်တက်လာရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာသန်း၂၄၀တန်ဖိုးရှိသော မွေးမြူရေးထွက်ကုန်များတင်ပို့ ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရသိရပါသည်။
ပြုပြင်ထားသောအသားထုတ်ကုန်တင်ပို့မှုမှာ အများဆုံးဖြစ်ပြီး ၎င်းတို့၏နောက်တွင် လတ်ဆတ်သော၊ အအေးခံထားသည့် အေးခဲထားသောဝက်သားတို့မှာ အစဉ်လိုက်ရပ်တည်နေကြောင်းသိရပါသည်၊ ဗီယက်နမ်နိုင်ငံ၏ ပြုပြင်ထားသောကြက်သားများကို ဂျပန်၊ ဟောင်ကောင်၊ Eurasian Economic Union မှ ငါးနိုင်ငံနှင့် မွန်ဂိုလီးယားသို့ တင်ပို့လျက်ရှိကြောင်းသိရပါသည်။
ထို့ပြင် နို့ထွက်ပစ္စည်းနှင့်ငှက်သိုက်ထုတ်ကုန်များအား တရုတ်နိုင်ငံသို့ တင်ပို့ခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်းသိရပါသည်။ တိရိစ္ဆာန်ကျန်းမာရေးဦးစီးဌာန (DAH) သည်လည်း မွေးမြူရေးထွက်ကုန်များအတွက် ဈေးကွက်တိုးချဲ့နိုင်စေရေးအတွက် တက်ကြွစွာဆောင်ရွက်လျက်ရှိပြီး တောင်ကိုးရီးယား၊ စင်္ကာပူ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့နှင့်ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်းသိရပါသည်။
DAH ၏ညွှန်ကြားရေးမှူးဖြစ်သူ Nguyen Van Long က မွေးမြူရေးထွက်ကုန်များအတွက် အစားအစာလုံခြုံမှုရှိရေး အခြေအနေကို အပြီးသတ်နိုင်ရန်အတွက် တောင်ကိုးရီးယားနိုင်ငံအစားအသောက်နှင့် ဆေးဝါးလုံခြုံရေးဝန်ကြီးဌာနတို့ ပြောဆိုဆွေးနွေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Phung Duc Tien က စက်မှုလုပ်ငန်းနှင့် ခေတ်မီဆန်းသစ်မှုအပြောင်းအလဲအခြေအနေကို လိုက်လျောညီထွေဖြစ်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဏသည် ကျယ်ပြန့်၍ ကျွမ်းကျင်မှုရှိပြီး အကျိုးရှိသောမွေးမြူရေးထွက်ကုန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားကြောင်းပြောကြားခဲ့ပါသည်။
ထို့ပြင် တင်ပို့ရာဈေးကွက်များဖြန့်ခွဲခြင်းနှင့် ဟာလာဈေးကွက်ကဲ့သို့သော အခွင့်အလမ်းသစ်များသို့ဝင်ရောက်ခြင်းသည်လည်း စုစုပေါင်းတင်ပို့မှုမြင့်တင်ရေးအတွက် အလွန်အရေးပါကြောင်း Tien ကဆက်လက်ပြောကြားခဲ့ကြောင်းသိရပါသည်။
VietnamPlus
DOCA(ရန်ကုန်)