ဟာလာထုတ်ကုန် ကုန်သွယ်ရေး အင်ဒိုနီးရှားနှင့် စင်္ကာပူ သဘောတူလက်မှတ်ရေးထိုး

Powered by Drupal

      အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သည် နှစ်နိုင်ငံကြား ဟာလာထုတ်ကုန် ကုန်သွယ်ရေးတိုးမြှင့်ရန် ဟာလာထုတ်ကုန်အာမခံချက်အပေါ်နားလည်မှု သဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဟာလာထုတ်ကုန်အာမခံချက်ရရှိရေး စီစဉ်သည့် အေဂျင်စီ၏ ခေါင်းဆောင်ဖြစ်သူ Muhammad Aqil Irham နှင့် စင်္ကာပူနိုင်ငံ၊ အစ္စလာမ်ဘာသာရေးကောင်စီ၏ အကြီးအကဲ Kadir Maideen တို့သည် MOU ကို ၁၅.၈.၂၀၂၄ ရက်နေ့က စင်္ကာပူတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Irham က အင်ဒိုနီးရှား နှင့် စင်္ကာပူတို့၏ ဟာလာအာဏာပိုင်များအကြားညှိနှိုင်းဆောင်ရွက်မှုရလဒ်သည် အရေးကြီး ကြောင်းနှင့် ထုတ်ကုန်များကုန်သွယ်ခြင်းပါဝင်သောများစွာသော နယ်ပယ်တို့တွင် နှစ်နိုင်ငံသည် ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် MOU သည် နှစ်နိုင်ငံအကြား တင်ပို့မှုနှင့် တင်သွင်းမှုပမာဏမြင့်တက်လာစေရန် အရေးပါပြီး နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရှိကြောင်း၊ အထူးသဖြင့်ဟာလာထုတ်ကုန် ကုန်သွယ်ရေးတွင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ MOU သည် ဟာလာထုတ်ကုန် အရည်အသွေးအာမခံချက်တွင် ပိုမို အဆင့်မြင့်ပြီးတိုးတက်သော ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ Irham က ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၏ အမျိုးသားမူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ညီတူညီမျှနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမှုကို အခြေခံသော ဟာလာအမှတ်တံဆိပ်၊ ဟာလာအသိအမှတ်ပြုလက်မှတ်နယ်ပယ်တို့တွင် အဖွဲ့အစည်း ၂ ခုကြား၊ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ပြောကြားခဲ့ကြောင်းသိရပါသည်။ ၎င်းသည် ၂၀၂၄ အောက်တိုဘာလတွင် အကောင်အထည်ဖော်မည့် အစားအစာထုတ်ကုန်များ၊ ဖျော်ရည်၊ ကုန်ကြမ်းပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်များအတွက် ဟာလာအသိအမှတ်ပြုထောက်ခံချက်အတွက် ပထမအဆင့်ဖြစ်ကြောင်းသိရပါသည်။ Maideen ကလည်း ဤပူးပေါင်းဆောင်ရွက်မှုသည် စားသုံးသူများအတွက် ဟာလာထုတ်ကုန်များတွင် လိုအပ်သည့် ဟာလာအရည်အသွေးနှင့် ဟာလာစံချိန်စံညွှန်းတို့အား စဉ်ဆက်မပြတ်အသိအမှတ်ပြုထောက်ခံပေးနိုင်ရန် သေချာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

Source : Antara News

DOCA(ရန်ကုန်)