အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေး ၅ ရာခိုင်နှုန်းကျော် ကြီးထွားခဲ့ပြီး ဆင်းရဲမွဲတေမှုလျှော့ချနိုင်ခဲ့ကြောင်း သမ္မတဂျိုကိုဝီပြောကြား

Powered by Drupal

     အင်ဒိုနီးရှားသမ္မတဂျိုကိုဝီသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါမှ နာလန်ထူလာပြီး နောက်နိုင်ငံ၏တည်ငြိမ်သော စီးပွားရေးကြီးထွားလာမှုသည် ၅ ရာခိုင်နှုန်း အထက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ဂျိုကိုဝီက ၁၆-၈-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့အတိုင်ပင်ခံစုံညီနှစ်စဉ်အစည်းအဝေးပွဲတွင် ပါလီမန်အဖွဲ့ဝင်များကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဂျိုကိုဝီက အင်ဒိုနီးရှားနိုင်ငံသည် ကပ်ရောဂါကာလအပြီး စီးပွားရေး မြန်ဆန်စွာ နာလန်ထူပြီး ဆက်လက်ပင် ကြီးထွားလာသည့်နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်ကြောင်းနှင့် စီးပွားရေးကြီးထွားမှုသည် ၅ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ အင်ဒိုနီးရှားအရှေ့ပိုင်း၏ စီးပွားရေးကြီးထွားမှုသည် ၆ ရာခိုင်နှုန်းကျော်ရှိပြီး North Maluku ၏ ကြီးထွားနှုန်းသည် ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂  မှ ၃ ရာခိုင်နှုန်းကြား ထိန်းထားနိုင်ပြီး များစွာသောနိုင်ငံများမှာ ငွေကြေးအလွန်အမင်းဖောင်းပွနေပြီး အချို့မှာ ၂၀၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ဂျိုကိုဝီက ပြောကြားခဲ့ပါသည်။ အလွန်အမင်းဆင်းရဲမွဲတေမှုမှာ ၂၀၁၄ ခုနှစ်တွင် ၆.၁၈ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင်  ၀.၈ ရာခိုင်နှုန်းသာရှိပြီး ကလေးသူငယ်ကြီးထွားဖွံ့ဖြိုးမှုနည်းပါးသည့်ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ၃၇.၂ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၂၁.၅ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရပါသည်။ အလုပ်လက်မဲ့နှုန်းထားကိုလည်း ၅.၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်း ဂျိုကိုဝီက ပြောကြားခဲ့ပါသည်။

Source: Jakerta Post

DOCA(ရန်ကုန်)