ကမ္ဘောဒီးယား၏ RCEPအဖွဲ့ဝင်နိုင်ငံများနှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရောက်ရှိ

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေးအဖွဲ့အစည်း (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယခုနှစ် ပထမ (၇)လတွင် အမေရိကန်ဒေါ်လာ ၁၉.၈၇ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၆.၈ % မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါကာလ အတွင်း ကမ္ဘောဒီးယား၏ RCEP အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၆၂.၉% ရှိကြောင်း သိရပါသည်။ ဇန်နဝါရီလမှ ဇူလိုင်အလတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅.၁၉ ဘီလီယံ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို RCEP နိုင်ငံများသို့ တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၂၈ % မြင့်တက်လာခဲ့ကာ RCEPနိုင်ငံများထံမှ အမေရိကန်ဒေါ်လာ ၁၄.၆၇ ဘီလီယံတန်ဖိုးပြန်လည် တင်သွင်းခဲ့ပြီး ၁၈% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းကိန်းဂဏန်းသည် RCEP မှာ ကမ္ဘောဒီးယားအတွက် အရေးပါသော ကုန်သွယ်ရေးမိတ်ဖက်အဖြစ် မြင့်တက်လာလျက်ရှိကြောင်း စီးပွားကူးသန်းဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့ပါသည်။ အဆိုပါကုန်သွယ်ရေးအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးကြီးထွားလာမှုနောက်တွင် မောင်းနှင်အားတစ်ခုအနေနှင့် ရှိနေပြီး ပြည်ပတိုက်ရိုက်ရင်းနှီးမြှပ်နံမှုများကို ဆွဲဆောင်ကာ စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးနိုင်ကြောင်း Sovicheat က ဆက်လက်ပြောကြားခဲ့ပါသည်။ RCEP သို့ တင်ပို့မှု မြင့်တက်လာခြင်းသည် ကမ္ဘောဒီးယား ထုတ်ကုန်များအတွက် ဝယ်လိုအားနှင့် ဈေးကွက်၏ အရေးပါမှုလက္ခဏာ ဖြစ်ကြောင်း သိရပါသည်။ RCEP လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်သည် တင်ပို့ရန် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ရင်းနှီးမြှပ်နှံမှုအသစ်များကို ဆွဲဆောင်နိုင်ရန် အထောက်အကူဖြစ်စေကြောင်း သိရပါသည်။ RCEP အဖွဲ့ကို အာရှ-ပစိဖိတ်ဒေသ ၁၅ နိုင်ငံနှင့် ဖွဲ့စည်းထားပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် ကုန်သွယ်ဖက် ၅ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့နှင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)