အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲမှတစ်ဆင့် နိုင်ငံအကျိုးကျေးဇူးရရှိနိုင်

Powered by Drupal

   အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်သို့ တင်ပို့မှုလျော့ကျပါက ထိုင်းနိုင်ငံသည် အမေရိကန်သို့ ပိုမိုမြင့်မားစွာ တင်ပို့နိုင်ပြီး အကျိုးကျေးဇူးရရှိနိုင်ကြောင်း စက်မှုလုပ်ငန်းစီးပွားရေးရုံး(OIE) ၏ ပြောကြားချက်အရ သိရ ပါသည်။ OIE၏ ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Warawan Chitaroon က ထိုင်းနိုင်ငံသည် အာဆီယံတွင် အဓိကကုန်ထုတ်လုပ်ရသည့်နိုင်ငံဖြစ်ပြီး နိုင်ငံများစွာသို့ ကုန်ပစ္စည်းများ တင်ပို့လျှက် ရှိကြောင်းနှင့် ကုန်သွယ်ရေးစစ်ပွဲသည် ထိုင်းကုန်ထုတ်လုပ်သူများနှင့် တင်ပို့သူများ ကို အခွင့်အလမ်းသစ် ပံ့ပို့ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်သို့ ကုန်ပစ္စည်းများ တင်ပို့သူ တရုတ်စွန့်ဦးတီထွင်သူများကို အစားထိုးရန်အလို့ငှာ ပြည်တွင်းကုမ္ပဏီများသည် ထုတ်ကုန်တိုးတက်မှုနှင့် စီးပွားရေးအစီအစဉ်များကို လေ့လာသင်ယူမှု ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုခဲ့ပါသည်။ OIE သည်လည်း ထိုင်းကုမ္ပဏီများ အမေရိကန်သို့ တင်ပို့မည့် ထုတ်ကုန်များကို တိုးတက်လာရန်နှင့် မြင့်တက်လာရန်အတွက် ကူညီရန် စီးပွားရေးကဏ္ဍများနှင့်အတူ လုပ်ကိုင်သွားမည်ဟု သိရပါသည်။ ထိုင်းနိုင်ငံသည် လျှပ်စစ်မော်တော်ယာဉ်များ၊ Lithium-ion ဘတ်ထရီများ၊ ဆိုလာပြားများနှင့် ဆောက်လုပ်ရေးပစ္စည်းများနှင့် ဆက်စပ်သည့် ပြည်ပကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအား နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုရန် သိမ်းသွင်းစည်းရုံးနိုင်စွမ်း  ရှိကြောင်း သိရပါသည်။ ယခုနှစ်အစောပိုင်းတွင် အမေရိကန်သည် တရုတ်နိုင်ငံ၏ လျှပ်စစ် မော်တော်ယာဉ်များကို ၁၀၀% ထားအထိ လေးဆ၊ ဆိုလာဆဲလ်များနှင့် ဆီမီးကွန်ဒတ်ကာများကို ၅၀% ထားဖြင့် ၂ဆ၊ စတီးလ်နှင့် အလူမီနီယမ်ကို ၂၅%ဖြင့် ၃ဆအထိ မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ Mrs. Warwan က ထိုင်းနိုင်ငံစက်မှုဝန်ကြီးဌာနသည် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီများ၏ သက်ရောက်မှုကို လေ့လာလျက်ရှိကြောင်း အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံမှတင်ပို့သည့် ထုတ်ကုန်များကို အချို့ဝယ်ယူသူများက ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည့် တရုတ်ကုန်ပစ္စည်းများဟု ရှုမြင်နိုင်၍ဖြစ်ကြောင်းနှင့် ထိုင်းအစိုးရသည်လည်း အဆိုပါကိစ္စကို စိတ်ပူလျက်ရှိပြီး OIE ကလည်း အဆိုပါအခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)