ဟင်္သာတမြို့ မှ ထင်း၊ မီးသွေး အစားထိုးစပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းလေ့လာ

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်၊ ဟင်္သာတမြို့၊ ဟင်္သာတစက်မှုဇုန်ရှိ ဦးလှိုင်စိုး၏ စပါးခွံလောင်စာတောင့်လုပ်ငန်းသို့၊ (၂၃.၃.၂၀၂၂) နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။ စပါးခွံမှ လောင်စာတောင့်ထုတ်လုပ်ခြင်းကို ပြည်တွင်းဖြစ်စက်များဖြင့်ထုတ်လုပ်ခြင်းဖြစ်ပြီး တရက်လျှင် လောင်စာတောင့် တစ်တန်ခွဲမှ နှစ်တန်ကျ စက် (၂၃) လုံးတပ်ဆင်ထားပြီး စပါးခွံလောင်စာ တောင့်များ ထုတ်လုပ်လျက်ရှိပါသည်။

     စပါးခွံသည် စပါးကို ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းဖြစ်ပြီး၊ စပါးခွံတွင်  ကာဗွန်ပါဝင်မှု ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းပါဝင်ကာ အပူကိန်း (Heat Value) 13-16 MJ per kg ရှိပါသည်။ ၎င်းကို အဆောက်အဦသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ပစ္စည်းအကာများ၊ လောင်စာများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

     စပါးခွံမှ မီးသွေးတောင့် ပြုလုပ်သည့် နည်းနှစ်နည်းရှိပြီး၊ တနည်းမှာ စပါးခွံကို ဦးစွာမီးရှို့၍ မီးသွေးမှုန့်(Carbon) အဖြစ်ပြောင်းလဲပြီး၊ ၎င်းကို ဖိအားဖြင့် လောင်စာတောင့်ပြုလုပ်ခြင်းနှင့် အခြားတစ်နည်းမှာ စပါးခွံကို သတ်မှတ် ထုထည်ပမာဏ(Biomass) အဖြစ်သို့ ပြုလုပ်ပြီး ၎င်းကို ကာဗွန်ဓာတ်အဖြစ်သို့ပြောင်းလဲ၍ လောင်စာတောင့်ပြုလုပ်ခြင်းနည်းတို့ဖြစ်ပါသည်။ ဟင်္သာတစက်မှုဇုန်တွင် ပြုလုပ်နေသော စပါးခွံလောင်စာတောင့်မှာ ဒုတိယနည်းဖြစ်သော Biomass မှ လောင်စာတောင့်ပြုလုပ်သည့်နည်းကို အသုံးပြုထားပါသည်။

      စပါးခွံလောင်စာစက်တစ်လုံးမှ တစ်နေ့လျှင် လောင်စာတောင့် ပျမ်းမျှ တတန်ခွဲ မှ နှစ်တန်အထိထွက်ရှိနိုင်ပြီး၊ မြင်းကောင်ရေ (၁၅) ကောင်ရှိ လျှပ်စစ်မော်တာနှင့် ၃၈၀ V ရှိ Heater Coil ကို အသုံးပြုထားပါသည်။ Cast Iron (သွန်းသံ)ဖြင့်ပြုလုပ်ထားသော လွန်သွားဖြင့် စပါးခွံကိုအနည်းငယ်ချေ၍ Heater Coil တပ်ထားသော ပြောင်းအတွင်း ဖိအားပေးခြင်းဖြင့် စပါးခွံလောင်စာတောင့်ကို ရရှိစေပါသည်။

      စက်တလုံးတန်ဘိုးမှာ ကျပ်သိန်း ၅၀ ခန့်ရှိပြီး၊ မီတာခမှာ ပိဿာ ၂၀တစ်အိတ်ကို ၇၀၀ ကျပ်ခန့်ကျသင့်ပါသည်။ စပါးခွံ ငါးတင်းဝင် အိတ် (၁၅၀) ပါကားတစ်စီးကို ကျပ်နှစ်သောင်းခွဲ ကျသင့်ပြီး၊ စပါးခွံလောင်စာတောင့် တပိဿာ ကုန်ကျစရိတ်မှ ၁၁၀ ကျပ်မှ ၁၂၀ ကျပ်ဝန်းကျင်ရှိပြီး ၁၅ ပိဿာတစ်အိတ်လျှင် စက်အထိုင်ဈေး ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ စပါးခွံသယ်ယူရရှိမှုပေါ်မူတည်၍ နေ့စဉ်စပါးခွံ ငါးတင်းဝင် အိတ် (၁၅၀) ပါ၊ ကားခုနှစ်စီးခန့် ရှိသော ကုန်ကြမ်း စုဆောင်းရပါသည်။ ကုန်ကြမ်း ၁၀ပိဿာလျှင် ကုန်ချော ၉ ပိဿာခန့်ရရှိပါသည်။

        ဒေသတွင်းရှိ စားသောက်ဆိုင်များ၊ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ ရေနံချက်ဖိုများ၊ စက်မှုဇုန်များနှင့် ရခိုင်ပြည်နယ်သို့တင်ပို့ရောင်းချပါသည်။ ယခုအခါ မီးသွေး ပိဿာ (၁၀) ပါ တစ်အိတ်လျှင် ၆၅၀၀ကျပ်ခန့်ရှိပြီး၊ စပါးခွံလောင်စာတောင့် (၁၅) ပိဿာ တစ်အိတ်လျှင် ၂၀၀၀ ကျပ် သာကျသင့်ပြီး ကုန်ကျစရိတ်မှာ လေးဆခန့်ကွာခြားပါသည်။ စပါးခွံလောင်စာတောင့်မှာ မီးမွှေးရခက်သော်လည်း မီးတောက်ရှိသည့်အတွက် မီးအားပိုကောင်းခြင်း၊ အိုးအနည်းငယ်မည်းသည်မှ လွဲ၍ စီးပွားရေးတွက်ချေကိုက်သော  ထင်းအစားထိုး၊ မီးသွေးအစားထိုး လောင်စာတောင့် ဖြစ်ပြီး ၊ ဆန်စပါး ဘေးထွက်ပစ္စည်းမှ ထုတ်လုပ်ခြင်းဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ရာရောက်ခြင်း၊ စပါးခွံလောင်စာတောင့်မှ ထွက်ရှိသော ပြာတွင် ပိုတက်ဆီယမ် ဓာတ်များစွာပါဝင်သဖြင့် မြေဩဇာအဖြစ်အသုံးပြုနိုင်ခြင်းတို့ကြောင့် ပြည်သူများ သုံးစွဲသင့်သော လောင်စာတောင့်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)