ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်နေသည်ဟု ဝန်ကြီးချုပ်ပြောကြား

Powered by Drupal

       ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသော ဧရိယာများကို အသားပေးပြောကြားခဲ့ကြောင်းသိရပါသည်။ ဖနွမ်းပင်မြို့တွင် ၂၀-၈-၂၀၂၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ကုမ္ပဏီ ၁၂ခုပါဝင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်အစည်းအဝေးတွင်  Hun Manet က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကိုကြိုဆိုခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အရသိရပါသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားသည် သန့်စင်သောစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် အခြားကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုဦးစားပေးရန် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်က တရုတ်ကိုယ်စားလှယ်အဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ အထူးသဖြင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ(CDC)တို့နှင့် ကမ္ဘောဒီးယား၏ရင်းနှီးမြှုပ်နှံမှု အလားအလာပိုမိုနက်ရှိုင်းရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းသိရပါသည်။ တရုတ်သည် ကမ္ဘောဒီးယား၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ကြောင်းသိရပါသည်။ Cambodia 21st Century Maritime Silk Road Research Centre ၏ညွှန်ကြားရေးမှူးဖြစ်သူ Neak Chandarith က တရုတ်ငွေကြေးထောက်ပံ့ထားသည် တရုတ်စီးပွားရေးလုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကိုအရှိန်မြှင့်တင်ရန်ကူညီရာတွင် အရေးပါသောနေရာတွင်ရှိနေပြီး ပြည်သူများ၏အသက်မွေးမှုကို တိုးတက်စေကြောင်း ပြောကြားခဲ့ပါသည်။ Sihanoukville အထူးစီးပွားရေးဇုန်၊ ဟိုက်ဒရိုပါဝါစက်ရုံများ၊ Phnam Penh-  Sihanoukville အမြန်လမ်း၊ Siem Reap Angker နိုင်ငံတကာလေဆိပ်၊ လမ်းမများနှင့်  တံတားများ အစရှိသော BRI စီမံကိန်းအောက်ရှိ တရုတ်ရင်းနှီးမြှုပ်နှံထားသော အလွန်ကြီးမားသည့် စီမံကိန်းများသည် ကမ္ဘောဒီးယားစီးပွားရေးကိုပံ့ပိုးရာတွင် အလွန်အရေးပါသောနေရာတွင်ရှိနေကြောင်းသိရပါသည်။ Neak က BRI စီမံကိန်းများသည် နိုင်ငံ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ၂၀၃၀ပြည့်နှစ်တွင် အလယ်အလတ်အထက် ဝင်ငွေရှိသည့်နိုင်ငံနှင့် ၂၀၅၀ပြည့်နှစ်တွင် ဝင်ငွေမြင့်နိုင်ငံဖြစ်လာရန် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ကြောင်းသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)