စစ်ကိုင်းမြို့ရှိ စွန့်ပစ်ပစ္စည်းများမှထုတ်လုပ်သော ထင်းအစားထိုး အဝိုင်းပေါက် မီးသွေးလုပ်ငန်း

Powered by Drupal

      မြန်မာနိုင်ငံတွင် လူဦးရေ ၅၁သန်းကျော်ရှိကာ အခြေခံအားဖြင့် လယ်ယာစိုက်ပျိုး‌ရေးကို အဓိကလုပ်ကိုင်သော နိုင်ငံတစ်ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် လယ်ယာကိုင်းကျွန်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြသည်။ မူလအရင်းခံ စွမ်းအင်ဖြစ်သည့် ၆၄ရာခိုင်နှုန်းကို လောင်စာထင်း၊ ထင်းမီးသွေးနှင့် ဇီဝဒြပ်ထုများမှ ရရှိသုံးစွဲကြသည်။

        မြန်မာနိုင်ငံတွင် ထင်းသည် အိမ်သုံးလောင်စာဖြစ်သည်။ ကျေးလက်ဒေသများတွင် ထင်းနှင့်ပူးတွဲ၍ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော စပါးခွံ၊ ကြံကြိတ်ဖတ်များ၊ ထန်းလက်၊ ထန်းရွက်များ၊ သစ်ကိုင်း၊ အစအနများကိုအသုံးပြုကြသည်။ လောင်စာထင်းသုံးစွဲခြင်းသည် လူဦးရေတိုးတက်နှုန်းနှင့် တိုက်ရိုက်အချိုးကျတိုးတက်လျက်ရှိကြောင်း ပညာရှင်များက လေ့လာသုံးသပ်ထားပါသည်။ လောင်စာထင်းရရှိနိုင်သော အရင်းအမြစ်များမှာ သဘာဝသစ်တောများ၊ သစ်တောစိုက်ခင်းများ၊ အိမ်ခြံမြေစိုက်ခင်းများ၊ စုပေါင်းကျေးရွာသုံး ထင်းစိုက်ခင်းများနှင့် ကိုင်းဖျားကိုင်းနားတို့ဖြစ်ကြသည်။ လူဦးရေတိုးတက်လာသည်နှင့်အမျှ လောင်စာစွမ်းအင်သုံးစွဲမှုပိုမိုလာသဖြင့် သစ်တောများ နှစ်စဉ်ပြုန်းတီးလာလျက်ရှိကြောင်း လေ့လာသိရှိရသည်။

        သစ်တောပြုန်းတီးမှု၏အကျိုးဆက်မှာ မိုးခေါင်ရေရှားမှုနှင့် သဲကန္တာရဖြစ်ထွန်းမှုကို ပြင်းထန်စွာတွေ့ကြုံခံစားနိုင်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်အဖြေထုတ်ထားပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသသည် သဲကန္တာရဖြစ်ထွန်းရန် အလားအလာရှိသောဒေသများတွင် ပါဝင်သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးအတွက် ဦးဆောင်ကြီးကြပ်သည့် ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

         မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်းကျရောက်သော မြို့နယ်များသည် မိုးရေချိန်လက်မ၄၀အောက်ရရှိပြီး၊ အပူချိန် ၄၈ဒသမ ၂ဒီဂရီဆဲလ်စီးယပ်အထိမြင့်မားပြီး ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလထိတိုင် ကြာရှည်ပါသည်။ မြေတိုက်စားမှုများကာ အပေါ်ယံမြေဆီလွှာကုန်ခန်းပြီး အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှပါသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများကိုတွေ့မြင်နိုင်ပါသည်။

         သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတော်မှ သစ်တောစိုက်ခင်းများတိုးချဲ့တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရန် အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။

       နေအိမ်များတွင် နေ့စဉ်ချက်ပြုတ်မှုနှင့် စားသောက်ဆိုင်များတွင် ထင်းများ၊ မီးသွေးများအစား ကုန်ကျစရိတ်သက်သာစေပြီး၊ လောင်စာစွမ်းအင်ပိုမိုထိရောက်စေကာ သစ်တောပြုန်းတီးမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချစေနိုင်သော အဝိုင်းပေါက်မီးသွေး တစ်နိုင်တစ်ပိုင်ထုတ်လုပ်နေသည့် လုပ်ငန်းရှင် ၆ဦး စစ်ကိုင်းမြို့၌ရှိသည်။ ထင်း/မီးသွေးအစားထိုး လောင်စာတောင့်အမျိုးအစားများမှာ စပါးခွံလောင်စာတောင့်၊ ဆီးခွဲခြမ်းလောင်စာတောင့်၊ ရေနံချိုးလောင်စာ တောင့်၊ ကျောက်မီးသွေးလောင်စာတောင့်၊ မီးသွေးမှုန့်လောင်စာတောင့်၊ လွှစာမှုန့်လောင်စာတောင့်ဟူ၍ အမျိုးအစားများရှိရာ စစ်ကိုင်းမြို့၊ စက်မှုဇုန်တွင် ထုတ်လုပ်သော မီးသွေးမှုန့်လောင်စာတောင့်ဖြစ်သည့် အဝိုင်းပေါက်မီးသွေးအကြောင်းကို တင်ပြပါမည်။

         စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ သန်းထိုက်အောင် အဝိုင်းပေါက်မီးသွေးမှုန့် လောင်စာတောင့်လုပ်ငန်းကို ၂၀၁၀ခုနှစ်မှစတင်၍ ရင်းနှီးငွေကျပ်သိန်း၈၀ခန့်ဖြင့် စတင်ခဲ့ပါသည်။ လုပ်ငန်းစတင်စဉ်က ပြည်တွင်းထုတ် မီးသွေးအမှုန့်ကြိတ်စက် တစ်လုံး၏တန်ဖိုးသည် ကျပ်နှစ်သိန်း၊ ယခုပေါက်ဈေးမှာ ကျပ်သိန်းနှစ်ဆယ် ဖြစ်ပြီး၊ ၎င်းကြိတ်စက်ကို (၄/၅) နှစ်အကြာအသုံးပြုနိုင်ပါသည်။ ပြည်တွင်းထုတ်မီးသွေးမှုန်နှင့် ရွှံ့စေးရည်ဖျော်စက်တစ်လုံး၏တန်ဖိုးသည် ယခုပေါက်ဈေး ကျပ်၃၅သိန်းတန်ဖိုးရှိပြီး ၁၅နှစ်အကြာအသုံးပြုနိုင်ပါသည်။ ကုန်ကြမ်းများအဖြစ် မီးသွေးအကြေ၊ စပါးခွံဖွဲပြာနှင့် ရွှံ့စေးရည်တို့ကို ၇၅ : ၅: ၂၀ အချိုးရောစပ်ပါသည်။ ကုန်ကြမ်းမီးသွေးအကြေများကို စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများဖြစ်သော ကျော်ဇေယျာ၊ ပဒူ၊ ခက်ခ၊ ကျောက်ပနန်ကျေးရွာများမှဝယ်ယူရာ တစ်တင်းခွဲဝင်တစ်အိတ်လျှင် (၄၀၀၀/၄၅၀၀) ကျပ်ပေးရပြီး၊ စပါးခွံကို လောင်စာအဖြစ်သုံးစွဲသည့် ဆန်စက်များမှ စွန့်ပစ်စပါးခွံဖွဲပြာကို ဈေးနှုန်းချိုသာစွာရရှိကြောင်း၊  ရွှံ့စေးများကို စစ်ကိုင်းမြို့မှ ၅မိုင်ခန့်ကွာဝေးသော စာရေးကျေးရွာမှ တနယ်မြေစေးကို ထော်လာဂျီတစ်စီးလျှင် ၃သောင်း ၅ထောင်ကျပ်ဖြင့် ဝယ်ယူရကြောင်းသိရပါသည်။

အဝိုင်းပေါက်မီးသွေး ပြုလုပ်ပုံအဆင့်ဆင့်

     အဝိုင်းပေါက်မီးသွေးပြုလုပ်ရာတွင် ပထမဦးစွာ အချိုးကျရောစပ်ထားသော မီးသွေးအကြေနှင့် စပါးခွံဖွဲပြာတို့ကို အမှုန့်ကြိတ်စက်ဖြင့် အမှုန့်ကြိတ်ပါသည်။  ၎င်းအမှုန့်များကို အရည်ဖျော်ထားသော ရွှံ့စေးရည်ဖြင့် ဖျော်စက်ထဲသို့ထည့်ကာ စေးခဲသည့်အထိထည့်၍ မွှေပြီး၊ စေးတွဲပါက မြေကြီးပေါ်သို့ ပုံချကာ အဝိုင်းပေါက်ပါသော  အချင်း ၅လက်မပုံစံခွက်ကလေးဖြင့် လူ၏လုပ်အားလက်ဖြင့်ပြုလုပ်၍ နေလှန်းစင်တွင် နှစ်ရက်ခန့်နေပူလှန်းပြီးလျှင် ရောင်းရန်အသင့်ဖြစ်သော ကုန်ချောအဝိုင်းပေါက်မီးသွေးခဲကလေးများရရှိပါသည်။

ထုတ်လုပ်မှုနှင့် ဈေးကွက်/ဈေးနှုန်း

       သန်းထိုက်အောင် အဝိုင်းပေါက်မီးသွေးထုတ်လုပ်သည့်လုပ်ငန်းသည် တစ်ရက်လျှင် ကုန်ကြမ်းမီးသွေးအကြေတစ်တင်းခွဲဝင်အိတ်(၈၀)ခန့်အသုံးပြု၍ ကုန်ချောအဝိုင်းပေါက်မီးသွေးခဲ ၄၀ပါအိတ် ၁၀၀ထုတ်လုပ်နိုင်ပြီး၊ တစ်လလျှင် ကုန်ချောအိတ်ပေါင်း  ၃၀၀၀ခန့်ထုတ်လုပ်နိုင်ပါသည်။ လုပ်သား ၁၀ဦးခန့်ကို ပုတ်ပြတ်စနစ်ဖြင့်ငှားရမ်းထားရာ တစ်ဦးတစ်လလျှင် ပျမ်းမျှ  ကျပ်နှစ်သိန်းခွဲမှ ကျပ်သုံးသိန်းထိ လုပ်ခလစာရရှိပါသည်။ ရောင်းဈေးနှုန်းမှာ အဝိုင်းပေါက် မီးသွေးခဲ ၄၀ပါတစ်အိတ်လျှင် (၄၈၀၀/၅၀၀၀) ကျပ်ဈေးနှုန်းဖြင့် စစ်ကိုင်းမြို့နယ်တွင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့၊  တံတားဦး၊ အမရပူရ၊ မြစ်ငယ်တို့သို့  လက်လီ/ လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းသိရပါသည်။

         ထင်းအစားထိုး လောင်စာတောင့်အမျိုးမျိုးထုတ်လုပ်ခြင်းသည် အသေးစားစက်မှုလက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး၊ ထင်းအစား အခြားလောင်စာကိုသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပါသည်။ ထင်း/မီးသွေးအစားထိုး အခြားလောင်စာတောင့်အမျိုးမျိုးကို ကျေးလက်နှင့် မြို့ပြနေပြည်သူများ ပိုမိုသုံးစွဲသည့် အလေ့အထများပြားလာသည်နှင့်အမျှ လောင်စာတောင့်ထုတ်လုပ်သည့် လုပ်ငန်းများသည် ရေရှည်ဆက်လက်တည်တံ့နေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)