ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီးခွဲစက်များအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောအဖွဲ့သည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးပြီးပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး အထောက်အကူပြုရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ဈေးနှုန်း၊ဈေးကွက် သုတေသနနှင့် ကုန်စည်စီးဆင်းမှု လေ့လာသုံးသပ်ပြီး၊ သတင်းများ ထုတ်ပြန်၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ရန်အတွက်  ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ဆီးခွဲစက်လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ "အောင်သမာဓိ" ဆီးခွဲစက် လုပ်ငန်းရှင် ဦးအောင်ဇော်သင်းနှင့် တွေ့ဆုံမေးမြန်းရာတွင် လုပ်ငန်းရှင်မှ စက်မှုဇုန်တွင် ဆီးခွဲစက်အလုံးရေ(၁၅)လုံးခန့် လည်ပတ် ကြောင်း၊ ပခုက္ကူမြို့ရှိ ဆီးခွဲစက်များမှာ ဆီးသီးခြောက်ကိုသာ ဝယ်ယူကြောင်း၊ ဆီးသီးအစိုမှာ ပျက်ဆီးမှုများနိုင်ပြီး သိုလှောင်ရန် နေရာအခက်အခဲရှိသောကြောင့် မဝယ်ယူကြောင်း၊ ဆီးသီး အစို(၅)တင်း အခြောက်လှန်းလျှင် (၄)တင်းခန့် ကျန်ရှိနိုင်သည်ဟုခန့်မှန်းရကြောင်း၊  ပခုက္ကူမြို့ပေါ်ရှိပွဲရုံများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ တောင်သူထံမှဝယ်ယူကြောင်း၊ ယခင်နှစ်က ဆီးသီးအစို(၁)တင်း(၂၅၀ဝိ/-)၊ အခြောက်(၁)တင်း(၄၀၀ဝိ/-)ဖြင့် ဝယ်ယူပြီး ယခုနှစ်တွင် ဆီးသီး အစို(၁)တင်း(၃၆၀ဝိ/-၃၇၀ဝိ/-)၊ အခြောက်(၁)တင်း(၅၅၀ဝိ/-)ဖြင့်ဝယ်ယူရကြောင်း၊  ယခုအချိန်ထိ ကုန်ကြမ်းဆီးသီးအခြောက်တင်း(၂၀၀၀၀)ခန့် ဝယ်ယူထားပြီး ရာသီချိန်မကုန်သေးသောကြောင့် ဆက်လက်ဝယ်ယူရန်ရှိသေးကြောင်း၊ ယခုနှစ်တွင် ဆီးသီးအခြောက်တင်း(၃၀၀၀၀) ခန့်သာဝယ်ယူကြိတ်ခွဲနိုင်မည်ဟုခန့်မှန်းရကြောင်း၊ ယခင်နှစ်ဆိုလျှင် မီးမှန်သည့်အတွက် တင်း(၅၀၀၀၀)ခန့် ဝယ်ယူကြိတ်ခွဲကြောင်း၊ မိမိတွင်ဆီးခွဲစက်(၆)ခုံ၊ သန့်စင်စက်(၂)ခုံဖြင့် လုပ်ငန်းလည်ပတ်ကြောင်း၊ ဆီးသီးခြောက်(၁)တင်းကြိတ်ခွဲလျှင် ဆီးဆံ(၂၅)ကျပ်သားခန့်ရရှိပြီး ယခုနှစ်သည် လျှပ်စစ်မီးအားနည်းသည့်အတွက် ကြိတ်ခွဲခုံ(၄)ခုံဖြင့်သာလည်ပတ်ကြောင်း၊ ယခင်နှစ်ထက် ထက်ဝက်ခန့် ထုတ်လုပ်မှုလျော့နည်းကြောင်း၊ ယခုအချိန်ထိ ကုန်ချောဆီးဆံပိဿာ(၂၀၀၀)ခန့် ကြိတ်ခွဲပြီးကြောင်း၊ ကြိတ်ခွဲရရှိသည့် ဆီးဆံကို  တစ်ပိဿာ (၂၄၀၀၀)ကျပ်ဖြင့် မန္တလေးမြို့ တရုတ်ကုန်သည် များသို့ရောင်းချကြောင်း၊  ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည်ဟုသိရှိရပါကြောင်း၊ ယခင်နှစ်က ဆီးဆံတစ်ပိဿာကို (၂၃၀၀၀)ကျပ်ဖြင့်ရောင်းရပြီး ဆီးဆံဈေးနှုန်းမှာ ပြောင်းလဲမှု နည်းပါကြောင်း၊ ဆီးခွဲခြမ်းကို ပဲကြော်ဖိုများအတွက် လောင်စာအဖြစ် အသုံးပြုရန်လာရောက် ဝယ်ယူကြကြောင်း၊ ဆီးဖတ်နှင့် ဆီးမှုန့်များကို တိရိစ္တာန်စာအဖြစ် ရောင်းရပြီး တစ်ပိဿာကို (၅၀/၁၀၀) ကျပ်ဖြင့် အရည်အသွေးပေါ်မူတည်၍  ရောင်းချရကြောင်း သိရှိရပါသည်။

          လုပ်သားဦးရေမှာ အမျိုးသား(၈)ဦးရှိပြီး ဆီးခွဲခြမ်းများ ပြာတီးသန့်စင်နေသည့် အမျိုးသမီး များအများအပြားတွေ့ရကြောင်း၊ လုပ်အားခမှာ အမျိုးသားတစ်ဦး(၈၀၀၀)ကျပ်ပေးရပြီး၊ အမျိုးသမီးတစ်ဦး(၅၀၀၀)ကျပ်ပေးရကြောင်း၊ အလုပ်ချိန်မှာ နံနက်(၇:၀၀)နာရီမှ ညနေ(၅:၀၀)နာရီထိ လုပ်ငန်းလည်ပတ်ကြောင်း၊ ဆီးသီးရာသီချိန်မှာ (၆)လသာ ဆောင်ရွက်ရသောကြောင့် ကျန်သည့်အချိန်ကို ပဲခွဲစက်များလည်ပတ်၍ အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ထားပါကြောင်း၊ လုပ်ငန်းရှင်၏အခက်အခဲမှာ လျှပ်စစ်မီးအားနည်းမှုကြောင့် ကြိတ်ခွဲထုတ်လုပ်မှုလျော့ကျပြီးအဝယ်ရှိသလောက် မတင်ပို့နိုင်ကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်မားမှုကြောင့် စက်သုံးဆီဖြင့် မလည်ပတ်နိုင်ဘဲ လျှပ်စစ်မီးကိုသာ နေ့စဉ်မျှော်၍ လုပ်ငန်းဆောင်ရွက်ရပါကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(မကွေး)