ဗီယက်နမ်စတီးလ်လုပ်ငန်းသည် ပြည်တွင်းဈေးကွက်ကို လွှမ်းခြုံလာသည့် ပြည်ပပြိုင်ဘက်များ အထူးသဖြင့် တရုတ်နိုင်ငံမှတင်သွင်းလာသည့် စတီးလ်ထုတ်ကုန်များ၏ ပြင်းထန်သည့် ယှဉ်ပြိုင်မှုနှင့်ရင်ဆိုင်နေရကြောင်းသိရပါသည်။ လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များက လက်ငင်းတုံ့ပြန်ဆောင်ရွက်မှုမရှိပါက ပြည်တွင်းထုတ်လုပ်သူများ အကြပ်အတည်းနှင့်ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစတီးလုပ်ငန်းအသင်း (VSA)၏ အဆို အရ နှစ်စဉ် ပြည်တွင်းစတီးလ်ထုတ်လုပ်နိုင်စွမ်းသည် စတီးလ်အရိုင်း ၂၃သန်းနှင့် စတီးလ်ထုတ်ကုန်အချော ၃၈.၆သန်းရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် စတီးလ်ထုတ်ကုန်အချောထုတ်လုပ်မှု သန်း၃၀နှင့် ၇ရာခိုင်နှုန်းမြင့်တက်လာသော်လည်း ပြည်တွင်းထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများဆက်လက်ရှိနေကြောင်း သိရပါသည်။ လတ်တလော အကောက်ခွန်ဌာန၏အချက်အလက်များအရ ယခုနှစ်၏ ပထမလေးလတွင် ဗီယက်နမ်သည် hot-rolled coil(HRC) စတီးလ်တင်သွင်းမှုမြင့်တက်ခဲ့ပြီး တင်သွင်းမှု၏ ၇၃ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံထံမှဖြစ်ကြောင်းသိရပါသည်။ တန်ချိန် ၂.၉သန်းခန့်မှာ ဈေးကွက်အတွင်း ရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ပမာဏ ၂ဆမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုတင်သွင်းသည့်ပမာဏကြောင့် ပြည်တွင်းကုမ္ပဏီကြီးများဖြစ်သည့် Formosa နှင့် Hoa Phat တို့သည် ၂၀၂၁ခုနှစ်တွင် ဈေးကွက်ဝေစု ၄၅ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ခုနှစ်တွင် ၃၀ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်းသိရပါသည်။ ဧပြီလ တစ်လတည်းတွင် ဗီယက်နမ်သို့ HRC စတီးလ်တင်သွင်းမှုသည် တန်ချိန်၈၉၀၀၀၀ရှိပြီး ပြည်တွင်းထုတ်လုပ်မှုပမာဏ၏ ၁.၅ဆမြင့်မားကြောင်းသိရပါသည်။ ထိုပမာဏအနက် ၇၁ရာခိုင်နှုန်းကို တရုတ်ထံမှ တင်သွင်းခြင်းဖြစ်ကြောင်း VSA ဥက္ကဋ္ဌ Nghiem Xuan Da ၏အဆိုအရသိရပါသည်။ VSA သည် ဈေးကွက် အတွင်းရောင်းချသည့် စတီးလ်ထုတ်ကုန်မျာစံနှုန်းအတွက် ပိုမိုတင်းကြပ်သော နည်းပညာစံနှုန်းထောက်ခံချက်နှင့် အရည်အသွေးစီမံခန့်ခွဲမှုစံနှုန်းထုတ်ပြန်ရန် အာဏာပိုင်များထံ တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း တောင်ကိုရီးယား၊ အိန္ဒိယနှင့် တရုတ်ထံမှ စတီးလ်များအား Anti-Dumping နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ထုတ်ပြန်ပေးခဲ့ကြောင်းသိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)