ပြည်ပဲဈေးကွက်အတွင်း နှစ်အလိုက် ကာလတူချိန်ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်း နှိုင်းယှဉ်မှု အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်းတွင်စားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသောပဲများသည် လက်လီ/ လက်ကား ရောင်းဝယ်မှု ဖြစ်လျက်ရှိခဲ့ကြပါသည်။ အဆိုပါပဲများထဲတွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပဝယ်လိုအားရှိသည့်အတွက် လက်ကားရောင်းဝယ်မှု အဖြစ်များခဲ့ကာ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲနီပြား စသည့် သီးနှံများသည် ပြည်ဈေးကွက်အတွင်းတွင် ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီသမားများအပြင် လက်ကားဝယ်ယူမှုများလည်း ရှိခဲ့ကြပါသည်။ အဆိုပါပဲများ၏ နှစ်အလိုက် ဩဂုတ်လအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါ အတိုင်းတွေ့ရှိရပါသည်။

       မတ်ပဲသီးနှံအနေဖြင့် (၅)နှစ်တာ ကာလအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေအရ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် အခြားပဲများအားလုံးထက် ဈေးအမြင့်ဆုံးတွင်တည်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် မတ်ပဲသီးနှံအနေဖြင့် ယခင်နှစ်ထက် ဈေးပိုလာသော်လည်း ပဲစင်းငုံနှင့် ကုလားပဲသီးနှံများ ဈေးပြိုင်မြင့်တက်ခဲ့သည့်အတွက် တစ်တင်းကျပ် ၆ သောင်းအထက်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်တွင်  မတ်ပဲသီးနှံမှာ ဈေးအေးသွားသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများအားလုံးထက် ဈေးလျော့နည်းသွားခဲ့ကာ တစ်တင်း ၇၉၀၀၀ ကျပ်ဖြင့် ဈေးအနိမ့်ဆုံး ရောင်းဝယ်နေခဲ့ပါသည်။ ၂၀၂၄ ခုနှစ်မှာတော့ မတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန်မှစ၍ ဈေးမြင့်တက်လာခဲ့သည့်အတွက် ဧပြီလနောက်ပိုင်းတွင် ပဲတစ်တင်း ကျပ် တစ်သိန်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဩဂုတ်လကုန်ပတ်တွင် တစ်တင်းလျှင် ၁၂၅၀၀၀ ကျပ်အထိရရှိခဲ့သော်လည်း ပြည်ပဝယ်လက် ဈေးကွက်မှာ ပဲစင်းငုံသီးနှံဈေးကိုတော့ မမှီခဲ့ကြောင်းသိရပါသည်။

       ပဲစင်းငုံသီးနှံသည် ၅ နှစ်တာကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ  ၂၀၂၄ ခုနှစ်တွင် ပဲဈေးနှုန်း သိသိသာသာမြင့်တက်လာမှုကြောင့် ပဲစင်းငုံပဲတစ်တင်း ၁၅၂၅၀၀ကျပ်ဖြင့် အခြားပဲများအားလုံး ထက်လည်း ဈေးမြင့်တက်ခဲ့ကာ ဈေးကွက်အတွင်းစံချိန်တင် မြင့်တက်လျက်ရှိခဲ့ပါသည်။ ပဲအဝင် မရှိသော်လည်း လက်ကျန်လှောင်ပဲများရှိနေသည့်အတွက် ပြည်ပဝယ်လိုအားရှိမှုအပေါ် လိုသလောက် ရောင်းချမှုဖြစ်ခဲ့ပါသည်။၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်တွင် ပဲစင်းငုံဈေးမှာ မတ်ပဲသီးနှံ ဈေးထက် ဈေးလျော့နေသကဲ့သို့ ကုလားပဲသီးနှံထက်လည်း ဈေးလျော့နည်းနေခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ပဲစင်းငုံဈေးမြင့်တက်လာမှုကြောင့် ၂၀၂၄ခုနှစ်မှာပါ မတ်ပဲသီးနှံထက် ဈေးပိုမြင့်လျက် ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် ပဲစင်းငုံဈေးသည် သိသိသာသာ ဈေးကွက်အတွင်း မြင့်တက်ခဲ့သည့် အတွက် မတ်ပဲသီးနှံထက် တစ်တင်းလျှင်  ကျပ် ၃ သောင်းကျော်ခန့်ထိ ဈေးပိုရရှိနေခဲ့ကြောင်း သိရှိရပါသည်။

     ကုလားပဲသီးနှံမှာ ဒေသတွင်း ပဲခွဲစက်သမားများမှ အဓိကဝယ်ယူမှုရှိသည့်ပဲဖြစ်ခဲ့ပြီး နှစ် အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုအရ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာပြီး   ကုလားပဲသီးနှံ အနေဖြင့်လည်း ဆက်လက် ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများထက် ဈေးပိုရနေလျက် ရှိခဲ့ပါသည်။၂၀၂၄ ခုနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံ သီးနှံများသိသိသာသာ ဈေးမြင့်တက်လာခဲ့သောကြောင့် ကုလားပဲသီးနှံဈေးမှာ ယခင်နှစ်ထက် ဈေးပိုခဲ့သည်ဆိုသော်လည်း မတ်ပဲဈေးနှုန်းထက် လျော့နည်းနေကာ ပဲစင်းငုံသီးနှံဈေးနှုန်းထက်လည်း ဈေးလျော့နည်းနေခဲ့ပါသည်။

       ထောပတ်ပဲသီးနှံမှာ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ၂၀၂၀ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ ပဲဈေးကွက်မှာ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအနိမ့်ဖြင့် ရောင်းဝယ်မှုဖြစ်နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ ထောပတ်ပဲသီးနှံမှာ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။  ၂၀၂၄ ခုနှစ်မှာလည်း ဆက်လက် ဈေးမြင့်တက်ခဲ့သည့်အတွက် တစ်တင်းလျှင် ၁၄၀၀၀၀ ကျပ်ဖြင့် ပဲစင်းငုံသီးနှံမှလွဲ၍ အခြားပဲများ အားလုံးထက် ဈေးပိုခဲ့ကာ ဈေးကွက်တွင် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။

        ပဲဈေးကွက်မှာ လက်ကားသမားထက် လက်လီသမားဖြင့်  ယခုကာလတွင် အရောင်းအဝယ် ဖြစ်မှုများသည့် ပဲနီပြားသီးနှံ၏ နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုကို လေ့လာရာတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အခြားပဲများထက် ဈေးအေးခဲ့သည်ကိုတွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ ထောပတ်ပဲသီးနှံနည်းတူ ဈေးကွက်တွင် ဈေးမြင့်တက်ခဲ့သည့်အတွက် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင်လည်း ဈေးဆက်လက်မြင့်တက်ခဲ့သောကြောင့် တစ်တင်းလျှင် ၁၃၀၀၀၀  ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကာ  မတ်ပဲ၊ ကုလားပဲ၊ သီးနှံများထက် ဈေးပိုခဲ့သော်လည်း ထောပတ်ပဲနှင့် ပဲစင်းငုံသီးနှံ များနှင့်ယှဉ်လျှင် ဈေးအနည်းငယ် လျော့နည်းသွားခဲ့ပါသည်။ 

        ပဲဈေးကွက်တွင် (၅)နှစ်တာအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြည်ပဝယ်လက် ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများ အနေဖြင့် ပြည်တွင်းစားသုံးမှုများသော ထောပတ်ပဲ၊ ပဲနီပြား သီးနှံများထက် ဈေးပိုရခဲ့ကြပါသည်။  ၂၀၂၃ ခုနှစ် တွင် ထောပတ်ပဲ၊ ပဲနီပြား သီးနှံများ၏ ဈေးနှုန်းများ သိသိသာသာမြင့်တက်လာမှု ကြောင့် ပြည်ပဝယ်လိုအားများသော ပဲအားလုံးထက် ဈေးပိုရရှိနေခဲ့သည်ကို တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် တွင် ပဲစင်းငုံသီးနှံဈေး စံချိန်တင်မြင့်တက်ခဲ့သောကြောင့် ပဲဈေးကွက်မှာ  ထောပတ်ပဲနှင့် ပဲနီပြား သီးနှံအနေဖြင့် အခြားပဲများထက် ဈေးပိုနေခဲ့သော်လည်း ပဲစင်းငုံသီးနှံထက် ဈေးလျော့နည်း ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

DOCA(ပဲခူး)