မြို့သစ်မြို့နယ်၌ မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ လင်းလည်၊ အောင်ချမ်းသာ၊ နင်းကြမ်း၊ သဖန်းကုန်း စသည့်ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး လင်းလည်ကျေးရွာ၌ မိုးမြေပဲစိုက်ဧက (၃၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

      မိုးမြေပဲကို မေလတွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက် ရှိကြောင်း၊ မျိုးအနေဖြင့် ဗီယက်နမ်(မြေပဲဆန်ဖြူ)၊ စွန်တာနီ(မြေပဲဆန်နီ)တို့ကို မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ပေါ်ရှိ သီးနှံမျိုးစုံရောင်းဝယ်ရေးပွဲရုံများနှင့်  ယခင်နှစ်တွင် (ဆောင်းမြေပဲ) များကို စနစ်တကျ သိုလှောင်၍ ပြန်လည်စိုက်ပျိုးကြကြောင်း၊  တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ်၉၀၀၀၀၀ခန့်ကုန်ကျပြီး အထွက်တင်း ၆၅တင်း ခန့်ထွက်ရှိကြောင်း၊  ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် (၂၅၀၀၀-၃၀၀၀၀)  ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ်၁၀၀၀၀၀၀ခန့်ရရှိကြောင်း၊ ထွက်ရှိသည့် မိုးမြေပဲများကို မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ရှိဈေးကွက်သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသော်လည်း အထွက်နှုန်းမှာ ထိခိုက်မှုမရှိကြောင်း၊ ဈေးနှုန်းမှာ ယခင်နှစ်ထက် ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)