အိန္ဒိယနိုင်ငံ၌ အရန်ရိက္ခာဆန်များ ပိုလျှံလျက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းမှုအဖြစ် ကောက်ပဲ သီးနှံများအား အီလက်ထရောနစ် လေလံစနစ်ဖြင့် ပွင့်လင်းစွာဈေးကွက်တင်ရောင်းချသည့် အစီအစဉ် (Open Market Sale scheme – OMSS) ၌ ပုဂ္ဂလိက အီသနောပေါင်းခံ ထုတ်လုပ်ရေး လုပ်ငန်းများကို ပါဝင်စေလျက် ဝယ်ယူခွင့်ပြုခြင်းဖြင့် အစိုးရသည် ၎င်း၏စားနပ်ရိက္ခာမူဝါဒတွင် အဓိကကျသော ပြောင်းလဲမှုတစ်ခုကို ဖော်ဆောင်ခဲ့သည်။
အီသနောထုတ်လုပ်ရာ၌ ဆန်စပါးအသုံးပြုမှုကို ယခင်နှစ်တွင် အစိုးရက တားမြစ်ထားခဲ့ရာ ယခုလုပ်ဆောင်ချက်သည် ကြီးမားသော မူဝါဒရေးရာအပြောင်းအလဲပင် ဖြစ်သည်။ သြဂုတ်လမှ အောက်တိုဘာလအတွင်း ပြုလုပ်မည့် OMSS လေလံတင်ပွဲများမှတစ်ဆင့် အစိုးရသည် ဆန် မက်ထရစ်တန် ၂၃ သိန်းကို အီသနောပေါင်းခံစက်ရုံများသို့ ရောင်းချခွင့်ပြုထားကြောင်း စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၏ ဩဂုတ် ၂၉ ရက်နေ့ ညနေပိုင်း၌ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သောဆန်ဖြူ မက်ထရစ်တန်ချိန် ၂ သိန်း ကိုလည်း မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ပြုခဲ့သည်။ အစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။
အစိုးရ၏ အရန်ဆန် သိုလှောင်ထားရှိမှုမှာ မက်ထရစ်တန်ချိန် သိန်း ၅၄၀ ဝန်းကျင်ရှိကြောင်း တရားဝင်သတင်းရင်းမြစ်များမှ သိရသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ၂၀၂၃-၂၄ စပါး ဝယ်ယူရေးရာသီမှ ကြိတ်ခွဲထားသောဆန်များကို သိုလှောင်မည့်နေရာအတွက် စီမံခန့်ခွဲနိုင်ရေး ကြိုးပမ်းနေရသည်။ လာမည့် စက်တင်ဘာလတွင် စတင်မည့် စပါးဝယ်ယူရေးရာသီ၌ ဝင်ရောက် လာမည့် ရာသီဆန်များကို သိုလှောင်နိုင်ရန်အတွက် အဓိကနေရာအခက်အခဲရှိနေကြောင်း သိရ ပါသည်။
ပန်ဂျပ်ပြည်နယ် တစ်ခုတည်းတွင်ပင် ဆန်သိုလှောင်နိုင်သည့် နေရာအကျယ်အဝန်းသည် စုစုပေါင်း မက်ထရစ်တန်ချိန် ၁၂၅ သိန်း ရှိသော်လည်း လက်ရှိကာလ၌ ဆန်မက်ထရစ်တန်ချိန် ၁၂၄ သိန်းအထိ သိုလှောင်ထားရှိပြီးဖြစ်ကြောင်း၊ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းသည် ဆန်စက်များထံမှ နောက်ထပ် ဆန်မက်ထရစ်တန်ချိန် ၂ ဒသမ ၅ သိန်းကို ရယူနိုင်ခြင်းမရှိကြောင်း၊ ရှေ့လာမည့် စပါးဝယ်ယူရေးကာလဖြစ်သော နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လအတွင်း ဝယ်ယူရရှိမည့် နောက် ထပ် ဆန်မက်ထရစ် တန်ချိန် ၁၂၂ သိန်းခန့်ကို ယင်းကော်ပိုရေးရှင်းသို့ ပေးသွင်းနိုင်ရန်အတွက် နေရာလွတ်မရှိသေးကြောင်း သိရသည်။
Source: The Tribune, 30 August 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)