ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြိုင်ဘက် ဟင်းသီးဟင်းရွက်ဆီများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေရန်နှင့် ဆီအုန်းစိုက် ပျိုးသည့် တောင်သူများ၏ဝင်ငွေကိုမြှင့်တင်ရန် ရည်ရွယ်လျက် စားအုန်းဆီပို့ကုန်အပေါ် စည်းကြပ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများအား လျှော့ချရန် စီစဉ်လျက်ရှိသည်ဟု အစိုးရအရာရှိ တစ်ဦးက စက်တင်ဘာ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပုံမှန်အားဖြင့် စားအုန်းဆီသည် အခြားသော စားသုံးဆီအပျော့စားများထက် ဈေးနှုန်းပိုမို သက်သာလေ့ရှိသော်လည်း မကြာသေးမီ လများ၌ ပဲပုပ်ဆီနှင့် နေကြာဆီတို့၏ ရောင်းလိုအား ပိုလျှံမှု ဖြစ်ပေါ်လာခြင်းက အဓိကဝယ်လက်များဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူမှုကို လျော့ကျစေခဲ့သည်။
အင်ဒိုနီးရှား စီးပွားရေးရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သော Dida Gardera က သမားရိုးကျအားဖြင့် စားအုန်းဆီသည် အမြဲတမ်း ဈေးအသက်သာဆုံးဆီ ဖြစ်ခဲ့ကြောင်း၊ သို့သော် ယခုအခါ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို ပိုမိုယှဉ်ပြိုင်လာရကြောင်း၊ ပို့ကုန်အပေါ် စည်းကြပ်သည့်အခွန်နှုန်းထားများကို လျှော့ချခြင်းဖြင့် လုပ်ကွက်ငယ် လုပ်ငန်းရှင်များ၏ သက်သာချောင်ချိမှုနှင့် ဈေးနှုန်းများအရ ယှဉ်ပြိုင်နိုင်စွမ်းတို့ကို ပိုမိုတိုးတက်ကောင်းမွန်စေမည်ဟု မျှော်လင့်ထားကြောင်းဖြင့် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ပို့ကုန်လုပ်ငန်းရှင်များသည် စားအုန်းဆီတင်ပို့မှုအပေါ် မြင့်မားသည့် အခွန်များပေးဆောင်ရခြင်းအား ကာမိစေရန်အတွက် ဆီအုန်းခိုင်များကို ဈေးနှုန်းနိမ့်ချ၍ ဝယ်ယူလျက်ရှိသည်ဟု လယ်သမားငယ်များက မကြာခဏ တိုင်ကြားလေ့ရှိသည်။ လက်ရှိကာလတွင် ကမ္ဘာ့ဆီအုန်းဈေးကွက်၌ ဈေးနှုန်းများပြောင်းလဲဖြစ်ပေါ်မှုအပေါ် မူတည်၍ စားအုန်းဆီကြမ်း ပို့ကုန် ၁ တန်လျှင် သီးခြားထပ်ဆောင်းအခွန်ကို အမေရိကန်ဒေါ်လာ ၅၅ မှ ၂၄၀ အတွင်း အစိုးရက စည်းကြပ်ကောက်ခံလျက်ရှိသည်။ ထိုသို့ ထပ်ဆောင်းအခွန် စည်းကြပ်မှုကို အတန်းအစား ၁၇ မျိုး ခွဲခြားသတ်မှတ်ထားသည်။ စားအုန်းဆီ ၁ တန်လျှင် ၆၈၀ အမေရိကန်ဒေါ်လာနှုန်း၏ အောက်သို့ ကျဆင်းချိန်၌ အနိမ့်ဆုံး အခွန်နှုန်းထားကိုလည်းကောင်း၊ ၁ တန်လျှင် ၁၄၃၀ အမေရိကန်ဒေါ်လာ နှုန်း၏ အထက်သို့ ရောက်ရှိချိန်တွင် အမြင့်ဆုံး အခွန်နှုန်းထားကိုလည်းကောင်း ကောက်ခံခြင်း ဖြစ်သည်။
ပြင်ဆင်လျှော့ချမည့် အခွန်နှုန်းထားအသစ်များတွင် စည်းကြပ်မှုဈေးနှုန်းအတန်းအစားများ သည် ပိုမိုရှင်းလင်းမှုရှိမည်ဟု အခြားသော အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမပြုပဲ Dida က ပြောဆိုခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် လုပ်ကွက်ငယ်တောင်သူများ၏ ဆီအုန်းပင်များ ပြန်လည်စိုက်ပျိုးမှုနှင့် ဇီဝဒီဇယ်ဆီ ရောစပ်သုံးစွဲမှု အစီအစဉ်များသို့ ရန်ပုံငွေဖြည့်ဆည်းပေးနိုင်ရန် အတွက် စားအုန်းဆီတင်ပို့မှုအပေါ် အဆိုပါ ထပ်ဆောင်းအခွန်များကို စည်းကြပ်ခြင်းဖြစ်သည်။
အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက် ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ မက်ထရစ်တန်ပေါင်း ၁၅.၀၇ သန်းကို တင်ပို့ခဲ့ကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ်ကာလတူ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၇.၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: The Edge Malaysia, 4 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)