ပေါင်မြို့နယ်အတွင်း ရွာအချို့၌ ဖြုတ်ပိုးကျ၍ စပါးခင်းများပျက်စီး

Powered by Drupal

    ပေါင်မြို့နယ်မှ ဥက္ကံ၊ ကျခတ်ငူ၊ ကျုံကော်၊ သဲကုန်း၊ ညောင်ကုန်းကြီး ကျေးရွာများရှိ စပါးခင်းများမှာ “ဖြုတ်”ပိုးများ ကျရောက်ခြင်းကြောင့် ပျက်စီး ဆုံးရှုံးနေကြောင်း သိရှိရသည်။ ပျက်စီးသည့် စပါးခင်းအရေအတွက်ကို အတည်ပြုရန် ခက်ခဲသော်လည်း ဧက (၁၀) ဧကတွင် (၂) ဧကမှ (၃)ဧကခန့်ထိပျက်စီးကြောင်း၊ ပိုးကျသည့်လယ်အများစုမှာ စိုက်သက်တမ်း ၂ လခန့် ရှိပြီဖြစ်သည့် ကြဲခင်းများ၌ ဖြစ်ကြောင်း ညောင်ကုန်းကြီးကျေးရွာမှ လယ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

     ဖြုတ်ပိုးအခြေအနေအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့မေးမြန်းခဲ့ရာ ဖြုတ်ပိုး အမျိုးအစားများမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ဖြုတ်မဲ ဟူ၍ (၃) မျိုးရှိပြီး နေရာမတူဘဲ ဖျက်ဆီးလေ့ရှိကြောင်း မြို့နယ်ဦးစီးအရာရှိမှ ပြောကြားချက်အရ သိရပါသည်။ လက်ရှိအချိန်တွင် ပိုးကျသည့် ရွာများတွင် ပိုးသတ်ဆေးဖြန်းမည့် ပညာပေးလုပ်ငန်းများ ပိုးမကျသည့်ရွာများအား ကြိုတင်ကာကွယ်သည့် ပညာပေးလုပ်ငန်းများပြုလုပ်ကြောင်း သိရသည်။ ပေါင်မြို့နယ်အတွင်း စပါးထွက်ခါနီးမှ ဆစ်ပိုးကျခြင်း၊ ဖြုတ်ပိုးကျခြင်းများ နှစ်စဉ်ဖြစ်ပွားနေပြီး မိုးများသည့်ရေနစ်ကွင်းများ၌ ခရုနှင့်ဂဏန်းဖျက်ဆီးမှုများလည်းရှိကြောင်း သိရပါသည်။

DOCA(မွန်)