မုံရွာခရိုင်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုး သည့် ဒေသဖြစ်သည်။ ဒေသအတွင်း ပဲကို အဓိကထား စိုက်ပျိုးသော်လည်း နှမ်း၊ ငရုတ် စသည့် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။

          ငရုတ်သီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စတင်ခူးဆွတ်ကြောင်း သိရှိရသည်။ ငရုတ်မျိုးများအနေဖြင့်  ယခုအချိန်ခါ တွင် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်သော သာမို၊ ဒီမွန်၊ ၄၄၊ ၇၇၇ မျိုးများကို စိုက်ပျိုးကြသော်လည်း တောင်သူများအနေဖြင့် သာမို၊ ဒီမွန်မျိုးများကို ပိုမိုစိုက်ပျိုးမှုများကြောင်း သိရှိရသည်။ တစ်ဧက စိုက်ပျိုးရာတွင် မျိုးစေ့ဝယ်၊ ပျိုးထောင်၊ မြေပြင်ထွန်ယက် စိုက်ပျိုးသည်မှ နွားချေး၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုများနှင့် စိုက်ပျိုးသည်မှ  ခူးဆွတ်သည်အထိ ကုန်ကျ စရိတ်အနေဖြင့် ကျပ် ၁၂ သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း သိရှိရသည်။

          အထွက်နှုန်းကောင်းမွန်သော မျိုးများဖြစ်သည့်အတွက် စတင်ခူးဆွတ်သည်မှ ပြီးဆုံးသည် အထိ ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ငရုတ်သီးအစို ပိဿာ ၄၅၀၀ မှ ၅၀၀၀ ဝန်းကျင်ထွက်ရှိကြောင်း၊ ငရုတ်သီးအစို ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ ၄၀၀ မှ ၇၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာ ယခုကာလ ပေါက်ဈေးမှာ ကျပ် ၇၀၀ မှ ၁၀၀၀ ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ အခြောက်ထားသည့်  တောင်သူစိုက်ခင်းများတွင် ပျမ်းမျှအားဖြင့်  တစ်ဧကလျှင် ငရုတ်သီးအခြောက် ပိဿာ ၁၅၀၀ မှ ၁၇၀၀ ဝန်းကျင် ထွက်ရှိကြောင်း၊ ငရုတ်သီးအခြောက် ဈေးနှုန်း အနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ ၂၇၀၀ မှ ၃၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာ ယခုကာလပေါက်ဈေးမှာ ကျပ် ၃၈၀၀ မှ  ၄၀၀၀ ဈေးနှုန်းများရှိကြောင်း သိရှိရသည်။ ယခုအချိန်အခါတွင်  ငရုတ်စိုက်ခင်းများ ၌ အဖူးအပွင့် ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ တောင်သူများအနေဖြင့် ယခုကာလ ပေါက်ဈေးနှင့် ဆိုလျှင် အကျိုးအမြတ်ရရှိနိုင်ကြောင်း ငရုတ်စိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။