ကွမ်းစိုက်တောင်သူများအဆင်ပြေ

Powered by Drupal

           ကွမ်းကို မြန်မာနိုင်ငံ မန္တလေးတိုင်းအလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင်  အဓိကထားစိုက်ပျိုးကြပြီး မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂) မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမို စိုက်ပျိုးကြပါသည်။ “ကွမ်းစိုက်ဝါဆို၊ ကွမ်းခွေ ပြာသို” ဆိုစကားနှင့်အညီ ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင်စိုက်နည်းစနစ်ကိုသာ အသုံးပြုကြပြီး မြေဆီကောင်းမွန်မှုအပေါ်မူတည်၍ စိုက်ပျိုးကြပါသည်။ ကွမ်းပျိုးပင်(၁)ပင်လျှင် (၃၅၀-၄၀၀)ကျပ်ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီး (၄)လခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိပြီး တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရှိပါသည်။

         နွေရာသီနှင့်မိုးရာသီတွင် ကွမ်းအထွက်နှုန်းကောင်းသည့်အတွက် ဈေးအနည်းငယ်ကျပြီး တစ်ပိဿာလျှင် (၁၀၀၀-၃၀၀၀)ကျပ်အထိသာရရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းထက် ဝက်ခန့်လျော့နည်းသွားသဖြင့် ကုန်ရှားပါးမှုကြောင့် ဈေးတက်လာပြီးတစ်ပိဿာလျှင် (၆၀၀၀-၁၀၀၀၀) ကျပ်အထိ ရောင်းချရကြောင်း သိရှိရပါသည်။

         လက်ရှိ မုံရွာမြို့နယ်ကွမ်းဈေးကွက်အနေဖြင့် မတ်လဒုတိယအပတ်တွင် ကွမ်းတစ် ပိဿာလျှင် (၃၀၀၀-၅၀၀၀)ကျပ် အထိသာဈေးရရှိပြီး ယခုမတ်လ တတိယအပတ်တွင် အရည် အသွေးပေါ် မူတည်ပြီး တစ်ပိဿာလျှင်အနိမ့်ဆုံးဈေး (၃၀၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၇၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းဈေးတက်လာပြီး ကွမ်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။