ဇီဝဒီဇယ်ဆီ ရည်ညွှန်းဈေးထုတ်ပြန်ရန် ထိုင်းဆီအုန်းစိုက်ပျိုးသူများ တောင်းဆို

Powered by Drupal

   ထိုင်းနိုင်ငံ၌ B100 ခေါ် ဇီဝဒီဇယ် ၁၀၀ ရာခိုင်နှုန်း စက်သုံးဆီ၏ ရည်ညွှန်းဈေးနှုန်းကို မည်သည့်အများပြည်သူဆိုင်ရာ သတင်းဌာနများတွင်မဆို ကြေညာခြင်းမပြုရန် တားမြစ်ပိတ်ပင်သည့် အမိန့်အား စွမ်းအင်မူဝါဒနှင့်စီမံကိန်းရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့ခြင်းကို ပယ်ဖျက်ပေးရန်အတွက် စက်တင်ဘာ ၉ ရက်နေ့တွင် စွမ်းအင်ဝန်ကြီး Pirapan Salirathavibhaga ထံ တွေ့ဆုံအရေးဆိုရန် ဆီအုန်းစိုက်ပျိုးသောတောင်သူများ၏ ကိုယ်စားလှယ်များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုကဲ့သို့ B100 ရည်ညွှန်းဈေးနှုန်းကို ထုတ်ဖော်ကြေညာမှုမပြုခြင်းသည် အဓိကစက်သုံးဆီ ဖြန့်ဖြူးသူများအတွက် B100 ဇီဝဒီဇယ်ဆီ ထုတ်လုပ်သူများထံမှ နိမ့်ကျသောဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိစေမည်ဖြစ်ကြောင်း၊ B100 ဆီထုတ်လုပ်သူများကလည်း တောင်သူများထံမှ ဆီအုန်းခိုင်များကို ဈေးနှိမ်၍ ဝယ်ယူကြလိမ့်မည်ဖြစ်ကြောင်းဖြင့် အဆိုပါ ကိုယ်စားလှယ်များက စွပ်စွဲပြောဆိုခဲ့ကြသည်။

    ထိုင်းနိုင်ငံတွင် စက်သုံးဆီဖြန့်ဖြူးသူများသည် B100 ဆီကို ဝယ်ယူပြီး သန့်စင်ထားသော ဒီဇယ်ဆီနှင့် ရောစပ်ခြင်းဖြင့် ဇီဝဒီဇယ်ဆီကို ထုတ်လုပ်လျက် စက်သုံးဆီအရောင်းဆိုင်များသို့ ရောင်းချပေးခြင်းဖြစ်သည်။

    စွမ်းအင်မူဝါဒနှင့်စီမံကိန်းရုံး အနေဖြင့် စက်သုံးဆီဖြန့်ဖြူးသူများက လိုက်နာရမည့် B100 ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ဆောင်ရွက်ရန် အမျိုးသားစားအုန်းဆီမူဝါဒကော်မတီက ဇွန်လ ၇ ရက်နေ့၌ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ ဆီအုန်းစိုက်ပျိုးသော တောင်သူများမှ အသီးခိုင်များအား ရောင်းချရာတွင် ဈေးကောင်းရရှိစေရေးကို အထောက်အပံ့ပြုသည့် လုပ်ဆောင်မှုတစ်ရပ်အဖြစ် အဆိုပါ ဆုံးဖြတ်ချက်အပေါ် အစိုးရအဖွဲ့ကလည်း ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြုထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ B100 ရည်ညွှန်းဈေးနှုန်းကို ကြေညာခြင်းမပြုရန် တားမြစ်ခြင်းအား ပယ်ဖျက်ပေးရန်အတွက် စွမ်းအင်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်နှင့် စွမ်းအင်မူဝါဒနှင့် စီမံကိန်းရုံး၏ ညွှန်ကြားရေးမှူးချုပ်တို့ထံ စက်တင်ဘာ ၉ ရက်နေ့တွင် စာဖြင့်ပေးပို့ တောင်းဆိုမည် ဖြစ်ကြောင်း၊ အကယ်၍ ပြေလည်မှုမရရှိခဲ့ပါက အမျိုးသားအဂတိတိုက်ဖျက်ရေးကော်မရှင်ထံ ဆက်လက်တင်ပြ အရေးဆိုမည်ဖြစ်ကြောင်း တောင်သူကိုယ်စားလှယ်များက ပြောဆိုခဲ့ကြသည်။

Source: The Nation Thailand, 8 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)