စလင်းမြို့နယ်၌ ပဲတောင့်ရှည်သီးနှံများ စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံများလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြသည်။ စလင်းမြို့နယ်၊  ဆင်ချုံးကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို  စိုက်ဧက(၈)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

      ပဲတောင့်ရှည်သီးနှံကို ဇွန်လကုန်ပိုင်းတွင် စိုက်ပျိုးပြီး စက်တင်ဘာလဆန်းပိုင်းတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ပန်ထွာ(၁၁၁) ပဲတောင့်ရှည်မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၁၉၀၀၀ ဖြင့် ဝယ်ယူပြီး တစ်ဧကလျှင် မျိုးစေ့ (၃) ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက်အစေ့ချ၍ စိုက်ပျိုးပြီး ရက်(၂၀)အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာ ၂၅၀၀-၃၅၀၀ ခန့် ထွက်ရှိကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဈေးနှုန်းအနေဖြင့် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၀၀၀-၁၃၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ဝယ်လက်များမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် ပဲတောင့်ရှည် ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူထံမှ သိရှိရသည်။

DOCA(မကွေး)