မြင်းခြံဒေသ၏ ကွမ်းရွက်ဈေးကွက်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကျီးပင်ကန်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများသည် ကွမ်းကို တစ်နိုင်တစ်ပိုင်အဖြစ်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး၊ မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ရှိရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကို ပိုမိုစိုက်ပျိုးကြပါသည်။

          ကွမ်းစားသုံးမှုသည် ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသော်လည်း မိမိတို့နိုင်ငံတွင် ကွမ်းစားသုံးမှုသည် မိရိုးဖလာအစဉ်အလာတစ်ခုသဖွယ်ဖြစ်နေသဖြင့် လူကြီးလူငယ်မရွေးစားသုံးမှုရှိခြင်း၊ ဆေးဝါးများတွင် ထည့်သွင်းသုံးစွဲမှုရှိခြင်းတို့ကြောင့်  ကွမ်းဈေးကွက်မှာ အစဉ်ကောင်းမွန်လျက်ရှိ၍ တိုးချဲ့စိုက်ပျိုးရန်နှင့် အသစ်စိုက်ပျိုးရန် ရည်ရွယ်ပြင်ဆင်သူများလည်းရှိကြောင်း သိရှိရပါသည်။ ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် (၄၀၀)ကျပ်ခန့်ရှိပြီး (၀.၂၅)ဧကလျှင် ကွမ်းပင်ပေါင်း (၅၀၀)မှ (၅၅၀)ပင်ခန့်စိုက်ပျိုးကြပြီး၊ မြင်းခြံ ဒေသအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၅)လ/ (၆)လခန့်တွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်းမျိုးပေါ်မူတည်၍  (၃)နှစ်မှ (၅) နှစ်ထိခူးဆွတ်ရရှိနိုင်ပါသည်။ ခူးဆွတ်မှုအနေဖြင့် (၈)ရက်ခြား၊ (၁၀)ရက်ခြားလျှင် တစ်ကြိမ်ခန့်ခူးဆွတ်နိုင်ပြီး မြင်းခြံဒေသကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ယခုစက်တင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်များဖြင့် ဈေးကွက်ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပတ်တွင် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အကျရှိသော်လည်း ကွမ်းမှာအအေးဓာတ်ဝင်လျှင် အထွက်နှုန်းနည်းသွားသည့်အတွက် ရှေ့လများတွင် ဈေးနှုန်းတက်နိုင်မည်ဖြစ်ကြောင်းနှင့် ဒေသစိုက်ကွမ်းရွက်များကို မြင်းခြံဈေးကွက်မှတစ်ဆင့် ဒေသတွင်းသာအများဆုံးသုံးစွဲမှုရှိကြောင်း ကွမ်းစိုက်ပျိုးသူနှင့်ကွမ်းရောင်းဝယ်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)