ပြည်မြို့ကတွတ်သီးဈေးကွက်

Powered by Drupal

   ကတွတ်ပင်သည် ညောင်ပင်မျိုးနွယ်ဖြစ်ပြီး အမြဲစိမ်းလန်းကာ အခေါက်၊ အရွက်၊ အသီးနှင့်တကွ တစ်ပင်လုံးတွင် အမွှေးနုများရှိသည်။ အရွက်ချင်းအညှာဆိုင်ပြီး အသီးမှာ ဇီးဖြူသီး အရွယ်ခန့်ရှိ၍ အရောင်မှာ ဝါပြီးလျှင် အညိုရောင်အမွှေးနုများဖုံးလွှမ်းနေသည်။ မြန်မာနိုင်ငံရှိ သစ်တောတိုင်းလိုလိုမှာပင် ကတွတ်ပင်များကို‌တွေ့ရ၍ အထူးသဖြင့်မြန်မာနိုင်ငံအောက်ပိုင်း၌ ပိုမိုတွေ့ရှိရသည်။ ကတွတ်သီးကို သဖန်းသီးဟူ၍လည်းခေါ်ကြပြီး ကတွတ်ပန်းပွင့်သည် ကတွတ်သီး၏ အတွင်းထဲတွင်ရှိပါသည်။ အသီးသည် ပျော့၍အခွံပါးပြီး ကတွတ်သီးမှည့်ကို အသီးအတိုင်းစား၍သော်လည်းကောင်း၊ ထန်းလျက်ဖြင့်ယိုထိုး၍သော်လည်းကောင်း စားသုံးကြပါသည်။ ကတွတ်သီးမှာ နှစ်ပတ်လည်သီးသောအသီးမျိုးဖြစ်သော်လည်း ကဆုန်လနှင့်နယုန်လများတွင် ပထမအကြိမ် အသီးအများဆုံးသီးပြီး ဝါဆို၊ ဝါခေါင်လများတွင် ဒုတိယအကြိမ် အသီးအများဆုံးသီးကြောင်းနှင့် ကျန်လများတွင် အနည်းငယ်သာသီးသလို အရည်အသွေးလည်း မကောင်းကြောင်း သိရှိရပါသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် ပြည်မြို့တွင်ရောင်းချသော ကတွက်သီးဈေးမှာ ကတွတ်သီးအလုံး (၁၀၀)လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပြည်မြို့အနီးရှိ အေးမြသာယာ၊  ပျဉ်းပြင်ကိုင်းရွာနှင့် ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်းတို့ဘက်မှ လာရောက်‌‌ရောင်းချလေ့ရှိကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)