စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်အဖွဲ့သည် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့်ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်များအား သိရှိစေရန်ရည်ရွယ်၍ (၂၄.၃.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ ပိုင်ပြည့်စုံ ဆေးဖက်ဝင် ပျားထောပတ်ရှားစောင်းလက်ပပ်ယို ပြုလုပ်သောလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။
ရှားစောင်းလက်ပပ်ယိုလုပ်ငန်းရှင်နှင့် တွေ့ဆုံရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ “ပိုင်ပြည့်စုံ” ကုန်အမှတ်တံဆိပ်အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ထပ်မံဖြည့်စွက်ရန်လိုအပ်သည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ပြီးပါက စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ ကုန်အမှတ်တံဆိပ်စိစစ် ခွင့်ပြုချက်လျှောက်ထားနိုင်ပါကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရှားစောင်းလက်ပပ်ယို ထုတ်လုပ်ပုံအဆင့်ဆင့်အား မေးမြန်းရာတွင် လုပ်ငန်းရှင်က ယခုလုပ်ငန်းအား လုပ်ကိုင်သည်မှာ (၆/၇)လအချိန်ခန့်သာ ကြာမြင့်သေးကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမဟုတ်ဘဲ လိုအပ်သူများမှ မှာယူမှသာလျှင်ပြုလုပ်ပေးကြောင်း၊ ယခုအခါစားသုံးသူများသုံးစွဲမှုအရ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ တိုးချဲ့ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ ယိုပြုလုပ်ရာတွင် ရှားစောင်းလက်ပပ်အားခုတ်ပြီး၊ အစေးထုတ်၊ အပြင်မှဆူးများဖျင်၍ ခေါင်းဖြတ်၊ ထိပ်ဖြတ်ပြီး ၂ မီလီ၊ ၃ မီလီ အထူလှီး၍ ရေဆေးရေစိမ်ရကြောင်း၊ ရေဆေးရေစိမ်ပြီး ရှားစောင်းလက်ပက်များအား ဆယ်ယူ၍ ရေနာနေသော ရှားစောင်းလက်ပပ်များအားဖယ်ပြီး အလျား ၄ ပေ၊ အနံ ၂ ပေ၊ အမြင့် ၆ လက်မရှိသော စတီးဗန်းပေါ်တွင် လှီးပြီးသား ရှားစောင်းလက်ပပ်ချပ်များအား (၂)နာရီ၊(၃)နာရီခန့် နေလှန်းရကြောင်း၊ နေလှန်းပြီး ရှားစောင်းလက်ပပ်များကို အရိပ်ထဲတွင်(၂)နာရီ အအေးခံပြီးမှကျိုရကြောင်း၊ ရှားစောင်းလက်ပပ်များအား ပြင်ဆင်နေချိန်တွင် တဖက်မှလည်း ပါဝင်ပစ္စည်းများဖြစ်သော ထန်းလျက်ရည်ကျိုခြင်း၊ ကျိုပြီးသားထန်းလျက်ရည်အား သဲ၊ ခဲများ မပါရှိစေရန်ဇာဖြင့် စစ်ရခြင်း၊ မန်ကျည်းနှစ်ကျိုခြင်း၊ ဇာဒိတ်ဖိုသီး အခွံနွာ၍ အမှုန့်ကြိတ်ခြင်း၊ သစ်ဂျပိုးခေါက်နှင့် ခွေးလျား သီးစေ့များအား ရေဆေးနေလှန်း၍ အမှုန့်ကြိတ်ခြင်း၊ ဂျင်းနက်ကို ရေဆေးပြုတ်ပြီး နေလှန်းအမှုန့်ကြိတ်ခြင်း၊ ဂျင်းအား အခွံမခွာဘဲ ရေဖွဖွဆေး၍ ရေစိမ်နေလှန်းအမှုန့်ကြိတ်ခြင်းစသည့် လိုအပ်သည်များအား ကြိုတင်ပြုလုပ်ထားရကြောင်း၊ ထို့နောက်ရှားစောင်းလက်ပပ်ယိုကျိုရန်အနေအထားရရှိသည့်အချိန်တွင် တစ်ဒယ်လျှင် ရှားစောင်း လက်ပပ်လှီးသား (၅)ပိဿာ၊ ထန်းလျက်ရည် (၆)ပိဿာ၊ မန်ကျည်း နှစ်(၇၀) ကျပ်သားနှင့် ဇာဒိတ်ဖိုသီး၊ မန်ကျည်းစေ့၊ သစ်ဂျပိုးခေါက်၊ ခွေးလျားသီးစေ့၊ ဂျင်းနက်၊ ဂျင်း၊ ပျားရည်စစ်စစ်၊ ထောပတ်သန့်သန့်တို့အား ပါဝင်ရမည့်အချိုးအစားအတိုင်းထည့်ပြီး ကျိုလျှင် ရှားစောင်းလက်ပပ်ယို (၃)ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်သို့ ရှားစောင်းလက်ပပ်ယို (၂၀၀)ဂရမ်ပါ တစ်ဗူးလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချပြီး၊ အမှာရှိမှသာလျှင် အခြားမြို့နယ်သို့ ရောင်းချပေးကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။
ယခုကဲ့သို့ ရှားစောင်းလက်ပပ်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြလာရေး အသိပညာပေးရှင်းလင်းခြင်းဖြင့် မိမိတို့ထုတ်ကုန်အား ပြည်တွင်းသာမက ပြည်ပနိုင်ငံများပါ ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကာ တိုင်းပြည်စီးပွားရေး ပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
DOCA(မကွေး)