![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.21.jpg?itok=GHbEyFaB)
၁၆.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ“Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည် ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့တွင် စတင်၍အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)