မုဒုံမြို့နယ်တွင် ဖူးစားပြောင်းများစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့အနီးအနားဝန်းကျင်နှင့် ကျေးလက်ဒေသများတွင် ဖူးစားပြောင်းများ စိုက်ပျိုးမှုဖြစ်ထွန်း၍ စျေးကောင်းရရှိကာ တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

   ဖူးစားပြောင်းသီးနှံများကို မိုးရာသီ(မိုးပြောင်း)နှင့် ဆောင်းရာသီ(ဆောင်းပြောင်း) များဖြင့် နှစ်ရာသီ စိုက်ပျိုးကြ၍ စိုက်ဧက ၂၁၇ ဧကကို မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းမျိုးနှင့် ကောင်ညှင်းပြောင်းမျိုးများကို တောင်သူများက အများဆုံး စိုက်ပျိုးကြပြီး သကြားပြောင်းကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းသီးနှံ အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

   ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့်ကုန်ကျ၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဖူးစားပြောင်း ၈၀၀၀ ကျော်ထွက်ရှိရာ အမြတ်အနေဖြင့် တစ်ဧကလျှင် ၁၈ သိန်းကျပ်ခန့် ရရှိကြောင်း ဖူးစားပြောင်း စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။ မုဒုံမြို့နယ်ဒေသထွက် ဖူးစားပြောင်းများကို ဒေသပေါက်စျေး တစ်ဖူးလျှင် ၃၀၀ ကျပ် မှ ၆၀၀ ကျပ်အထိ စျေးကောင်းရရှိကာ မြို့ပေါ်စျေးများအပြင် မော်လမြိုင်မြို့ပေါ်ရှိ သီးနှံဒိုင်များသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။

DOCA(မွန်)