စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စပါးအဓိကစိုက်ပျိုးသည့် ခရိုင်တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက (၆)သိန်းကျေိာ်နှင့် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဆည်ရေရရှိပါက နွေစပါးဧက(၂)သိန်းကျော် စိုက်ပျိုးလျှက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ် များတွင် မိုးရွာသွန်းမှု နည်းပါး၍ သဖန်းဆိပ်ဆည်သို့ ရေဝင်ရောက်မှုနည်းပါးသဖြင့် ဆည်မှ ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိသောကြောင့် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ အခြားသီးနှံများ ဖြစ်သည့် နှမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကိုသာ စိုက်ပျိုးခဲ့ကြပါသည်။ ၂၀၂၁ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များ နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးမြေဧရိယာများအားလုံး ရေလုံလောက်စွာပေးဝေနိုင်သဖြင့် ၂၀၂၂ခုနှစ်တွင် နွေစပါး (၂၄၉၈၅၀)ဧကနှင့် နွေသီးနှံ(၇၅၀၀၀)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။
၂၀၂၂ခုနှစ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ(၇)ရက်နေ့မှ စတင်ရေပေးဝေခဲ့ပြီး တောင်သူဦးကြီးများအနေဖြင့် ရေပေးဝေမည့်ရက်အား အချိန်မီ အလွယ်တကူသိရှိ၍ ရေမဝင်မီစိုက်ပျိုးမည့် လယ်မြေများကို ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရန် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက်လမ်းများ၏ အချက်အချာကျသည့် မူးဘောင်များပေါ်တွင် သဖန်းဆိပ်ဆည်တွင် ဆည်ရေပေးဝေရန် လုံလောက်မှုရှိကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် ရေဝင်လျှင်မြေပြင်ကြရန် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကြော်ငြာဆိုင်းဘုတ်များ ဖြင့် အသိပေးထားသည်ကို တွေ့ရှိရပါသည်။
ရွှေဘိုခရိုင်တွင် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းများတွင် နွေစပါးစိုက်ပျိုးရန် ပျိုးထောင်ခြင်းများဆောင်ရွက်ပြီး မတ်လယ်ခန့်မှစတင်၍ နွေစပါးများ စတင်စိုက်ပျိုးသည့် အပြင် အခြားသီးနှံများလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ယခုနှစ်တွင် လုပ်သားဌားရမ်းခဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် သွင်းအားစုဈေးနှုန်းများ မြှင့်တက်မှုကြောင့် ကုန်ကျစရိတ် သက်သာစေရန် ပျိုးထောင်စိုက်ပျိုးခြင်း မဟုတ်ဘဲ စပါးစေ့ကြဲပက်စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။