ရာဘာစိုက်ပျိုး စီးပွားတိုး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သည် ပုသိမ်-မုံရွာကားလမ်း ဘေးတွင် တည်ရှိပြီး လမ်းမကြီး၏ ဘေးဝဲယာတစ်လျှောက်တွင် မြေလွတ်မြေရိုင်းများစွာ ပေါများသည့်အလျောက် တောင်ကုန်းတောင်တန်းများတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် နှစ်ရှည်ပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။ လေးမျက်နှာမြို့နယ်အတွင်း ကျွန်း၊ ပျဉ်ကတိုး၊ မာန်ဂျန်ရှား စသည့် ရတနာတန်းဝင်သစ်ပင်များ စိုက်ပျိုးကြသည့်အပြင် စက်မှုကုန်ကြမ်းအတွက် အထူးလိုအပ်လျက်ရှိသော ရာဘာကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြရာ (၃၀၄၀)ဧကသည် ကုမ္ပဏီ(၅)ခုမှ စိုက်ပျိုး၍ ကျန်(၁၆၈၀)ဧကသည် ပုဂ္ဂလိကပိုင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး စုစုပေါင်း (၄၇၂၀)ဧက ရှိပါသည်။ ရာဘာ တစ်ဧကလျှင် တန်းကြား(၂၄')နှင့်ပင်ကြား(၁၀')ကြား ထားရှိပြီး ရာဘာပင်(၂၀၁) ပင် စိုက်ပျိုးနိုင်ပါသည်။ အပင်သက်တမ်း(၇)နှစ်တွင် ရာဘာပင်၏ အောက်ခြေမှ(၄၈")အမြင့်တွင်၊ အချင်း(၁၈")ရှိပါက စတင်အစေးခံယူနိုင်ပြီး လက်ရှိရာဘာအစေးခြစ်လျက်ရှိသည့် ဧကပေါင်း (၂၁၂၅) ဧကရှိပါသည်။ လေးမျက်နှာမြို့နယ်တွင် ရာဘာစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီ(၅)ခုရှိပြီး၊ ၎င်းတို့မှာ တိုးတက် ကုမ္ပဏီ၊ ညီပေါင်းကုမ္ပဏီ၊ ကြယ်နီကုမ္ပဏီ၊ 711 ကုမ္ပဏီနှင့် မျိုးကျော်လင်း ကုမ္ပဏီတို့ ဖြစ်ပါသည်။ တိုးတက်ကုမ္ပဏီသည် စိုက်ဧက (၆၀၀) ရှိပြီး လက်ရှိ အစေးခြစ် ဧက (၅၀၀)၊  ကြယ်နီကုမ္ပဏီသည် စိုက်ဧက(၄၄၀)ရှိပြီး လက်ရှိအစေးခြစ် ဧက (၂၅၀)၊ မျိုးကျော်လင်း ကုမ္ပဏီသည် ဧကပေါင်း (၁၂၀၀) ရှိပြီး အစေးခြစ်ဧက (၇၀၀)၊ ညီပေါင်းကုမ္ပဏီသည် ဧက(၃၀၀)ရှိပြီး အစေး ခြစ်ဧက(၂၇၅)နှင့် 711 ကုမ္ပဏီသည် ဧကပေါင်း(၅၀၀)ရှိပြီး လက်ရှိ အစေးခြစ်ဧက(၁၅၀)ရှိပါသည်။   စိုက်ပျိုးသည့် ရာဘာမျိုးများမှာ (BBM-24)၊ (2000-စီးတီး)၊ (39-35) မျိုးနှင့် (260) မျိုးတို့ဖြစ်ပါသည်။ ရာဘာ အစေးခံယူရာတွင် စက်တင်ဘာလ ဒုတိယပတ်မှ မတ်လ ဒုတိယပတ်အထိ (၆)လ ဆက်တိုက် အစေးခံယူနိုင်ပြီး၊ ရာဘာပင်များအရွက်ဟောင်းကြွေ၍ ရွက်သစ်အနုထွက်ချိန်တွင် တစ်လခွဲ ခန့်အစေးခံခြင်းရပ်နားထားပြီး ရာဘာခြံများတွင် မီးတားလမ်းများ ပြုလုပ်ရှင်းလင်းရပါသည်။ ဧပြီလ တတိယပတ်လောက်တွင် ရာဘာအစေးခံခြင်းလုပ်ငန်းကို ပြန်လည်စတင်ခဲ့ပြီး ဇွန်လပိုင်း မိုးများ သောကာလတွင် အစေးခံခြင်းကို ရပ်နားပြီး ရာဘာခြံအတွင်း ပေါင်းမြက်ရှင်းခြင်း၊ ဓါတ်မြေဩဇာ ထည့်သွင်းခြင်းစသည်တို့ကို   ဆောင်ရွက်ကြရပါသည်။

      ရာဘာအပင်မှ အစေးများကို အခဲအဖြစ်ပြုပြင်၍ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသည့် အတွက် အလွန်အသုံးဝင်သော စက်မှုကုန်ကြမ်းဖြစ်သည့်အလျှောက် ယခုအခါ ရာဘာဈေးနှုန်းမှာ  တစ်ပေါင်လျှင် ( ၃၀၀၀/-ကျပ် )အထိ ဈေးရရှိပြီး၊ ရာဘာမှိုင်းခံပြားများကို Rs-1, Rs-2, Rs-3 ဟူ၍ အမျိုးအစား အဆင့်(၃)ဆင့်ခွဲ၍ သတ်မှတ်ကြပါသည်။ Rs-2 သတ်မှတ်သော မှိုင်းခံပြား တစ်ပေါင်လျှင် (၂၅၀၀/-ကျပ် )၊ Rs-3 သတ်မှတ်သော မှိုင်းခံပြား တစ်ပေါင်လျှင် (၂၄၀၀/-ကျပ်) ဈေးနှုန်းရရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရာဘာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ များနှင့်ရာဘာကုန်ကြမ်းသုံးစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရာဘာပင်သည် နှစ်ရှည်ပင် ဖြစ်၍ နှစ်(၃၀)ခန့် ဆက်တိုက် ရာဘာအစေးခြစ်နိုင်သည်ဖြစ်၍ ရေရှည်စီးပွားရေးအတွက် အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အဆင့်မှီ ရာဘာပြားများကို တိုးတက်ထုတ်လုပ်ခြင်းဖြင့်ပြည်ပသို့ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိစေကာ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)