မလေးရှားနိုင်ငံ၌ ဆန်စပါးထုတ်လုပ်မှုမြှင့်တင်ရန် ရင်းဂစ် ၅ ဘီလီယံ အသုံးပြုမည်

Powered by Drupal

     မလေးရှားအစိုးရ အနေဖြင့် စိုက်ဧကကြီးမားကျယ်ပြန့်စွာ စပါးစိုက်ပျိုးမှု အစီအစဉ်အား ပထမအဆင့် စတင်ဖော်ဆောင်မှုနှင့်အတူ စိုက်ပျိုးရေးကဏ္ဍတွင် မလေးရှားရင်းဂစ်ငွေ ၅ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်းကြီးများ အမြောက်အမြားကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ပြောကြားခဲ့ပါသည်။

      စက်တင်ဘာ ၁၄ ရက်နေ့တွင် Malaysia Agro Exposition Park Serdang ၌ပြုလုပ်သည့် ၂၀၂၄ ခုနှစ် မလေးရှား စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် စိုက်ပျိုးရေးခရီးသွားလုပ်ငန်းပြပွဲတွင် အမှာစကားပြောကြားရာ၌ အဆိုပါစီမံကိန်းကို စပါးအထွက်တိုးမြှင့်ရေးနှင့် ဒေသခံလယ်သမားများ၏ လူနေမှုဘဝများ တိုးတက်မြင့်မားစေရေး ရည်ရွယ်လျက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်သမားများ၏ သက်သာချောင်ချိရေးနှင့် စားနပ် ရိက္ခာ ဖူလုံစေရေးသည် အဓိကအရေးကြီးကြောင်းဖြင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ Mr. Anwar က ပြောကြားခဲ့ခြင်းဖြစ်သည်။

     နိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှု ရည်မှန်းချက် ပြည့်မီစေရေးအတွက် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အားလုံးက စုစည်းမှုရှိသည့်အဖွဲ့တစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ အထူးသဖြင့် စပါးစိုက်တောင်သူများနှင့် ငါးမွေးမြူသူများအနေဖြင့် ယခုကဲ့သို့ အသွင်ကူးပြောင်းဖော်ဆောင်မှုကို ယုံကြည်လက်ခံလာစေရေးနှင့် ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်မှု သိသာစွာမြင့်တက်စေရေးကို မည်သို့လုပ်ဆောင်မည်ဆိုသည်မှာ  အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ဝန်ကြီးချုပ် Anwar က အလေးအနက်ထားပြောကြားခဲ့ပါသည်။

     အစိုးရအနေဖြင့် အချိန်ကာလ ၂ နှစ်အတွင်း စပါး ၅ ရာသီ စိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် Muda စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ (MADA) က လုပ်ငန်းဆောင်ရွက်သော နယ်မြေဒေသအတွင်း ဆည်ရေသောက်စနစ်များကို အဆင့် မြှင့်တင်နိုင်ရေး ရန်ပုံငွေတိုးမြှင့်သွားမည်ဟု ဝန်ကြီးချုပ်က မေလ၌ ကြေညာထားသည်။ စီမံကိန်း တိုးချဲ့ဆောင်ရွက်မှုသည် MADA နယ်မြေဒေသရှိ စပါးစိုက်ဧရိယာ ဟက်တာစုစုပေါင်း ၃၀၀၀၀ ကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia, 14 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)