ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆန်ဈေးကွက် ချဲ့ထွင်နိုင်ရန်အတွက် ဒေသတွင်းရှိ နိုင်ငံအချို့နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
သတ္တမအကြိမ်မြောက် ကမ္ဘောဒီးယား ဆန်စပါးညီလာခံ ၂၀၂၄ ၏ ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယား၏ဆန်ဈေးကွက်ကို ချဲ့ထွင်နိုင်ရေးအတွက် ဝန်ကြီးဌာနသည် Green Trade ကုမ္ပဏီမှတစ်ဆင့် ဒေသတွင်းနိုင်ငံအချို့နှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ နားလည်မှု စာချွန်လွှာ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ကမ္ဘောဒီးယားနှင့် စင်ကာပူ စားနပ်ရိက္ခာ အေဂျင်စီ (SFA) တို့အကြား၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်း (PITC) တို့အကြားနှင့် ကမ္ဘောဒီးယားနှင့် ကွမ်တုံ-ဟောင်ကောင်-မကာအို မဟာ ပင်လယ်ကွေ့ ဒေသ (Guangdong - Hong Kong - Macao Greater Bay Area) တို့အကြား ဆောင်ရွက်နေ ကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံခေါင်းဆောင်များ က သဘောတူညီခဲ့ကြသော ၄ နှစ်တာကာလအတွင်း အင်ဒိုနီးရှားသို့ ကမ္ဘောဒီးယားမှ ဆန်တန်ချိန် ၂၅၀၀၀၀ ခန့် တင်ပို့ရေးဆိုင်ရာ ကုန်သွယ်မှုသဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင် နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဝန်ကြီး Cham Nimul က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၃၀၅ သန်းရှိသော ကြိတ်ခွဲပြီးဆန် စုစုပေါင်း ၄၁၂၀၂၃ တန်ကို ရည်မှန်းထားရှိသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် ၆၅ ခု သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထုတ်လုပ်မှုနှင့် သိုလှောင်မှုစွမ်းရည်တို့ကို မြှင့်တင်ခြင်းနှင့်အတူ ဆန်အရည်အသွေး စံချိန်စံညွှန်းများအား မြှင့်တင်နိုင်ခြင်းကြောင့် နိုင်ငံတကာဈေးကွက်များတွင် ကမ္ဘောဒီးယား၏ ဆန်များ ဝင်ရောက်မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာဈေးကွက်၌ ကမ္ဘောဒီးယားဆန်၏ အရည်အသွေးနှင့်ပတ်သက်၍ အသိအမှတ်ပြုခံရမှုကို တိုးတက်လာစေကြောင်း CRF ၏ ဥက္ကဋ္ဌ Chan Sokheang က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀၀၀၀၀ တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာတစ်စောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ COFCO ကော်ပိုရေးရှင်းနှင့် မကြာသေးမီက လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ဆန်စပါးအတွက် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ယခုနှစ် ပထမ ၈ လအတွင်း ကမ္ဘောဒီးယားဆန် တန်ချိန် ၇၇၇၉၂ ကို တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈ သန်း ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့ဈေးကွက်များသို့ ဆန်တင်ပို့ရောင်းချမှု အဆင်ပြေစေရေးနှင့် ကမ္ဘောဒီးယားဆန်ကို ဝယ်ယူလျက်ရှိသည့် မိတ်ဖက်တင်သွင်းသူများ အားလုံးနှင့် ပုံမှန်ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရေးအတွက် ဝန်ကြီး Cham Nimul က ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၊ ဆန်တင်ပို့သည့်ကုမ္ပဏီများနှင့် သက်ဆိုင်သူများထံသို့ အကြံပြုချက်အချို့ ကို မျှဝေခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အထူးသဖြင့် Green Trade ကုမ္ပဏီတို့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိဈေးကွက်များကို ထိန်းသိမ်းလျက် ဈေးကွက်သစ်များ ရှာဖွေရန်အတွက် ဆန်တင်ပို့ရောင်းချသည့် ကုမ္ပဏီများနှင့် သက်ဆိုင်သူများအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ၎င်းကတိုက်တွန်းခဲ့သည်။
Source: Khmer Times, 14 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)