အိန္ဒိယနိုင်ငံတွင် စပါးဈေးနှုန်းများကျဆင်းမှုကြောင့် ဖိအားများနှင့်ကြုံတွေ့ခဲ့ရပြီးနောက် ဘာစမာတီဆန် တင်ပို့မှုအပေါ် ချမှတ်ထားသည့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း (minimum export price ̶ MEP) ၁ တန်လျှင် ဒေါ်လာ ၉၅၀ နှုန်းသတ်မှတ်ချက်ကို အစိုးရက ပယ်ဖျက်ခဲ့သည်။
ဌာဆိုင်ရာ အကြီးတန်းအရာရှိများ၏ ပြောဆိုမှုအရ ဘာစမာတီဆန်တင်ပို့ရန် မှတ်ပုံတင် လျှောက်ထားမှုများကို မည်သည့်ကြမ်းခင်းဈေးမျှမရှိပဲ ဆောင်ရွက်ပေးရန် လယ်ယာထွက်ကုန်နှင့် ပြုပြင်ထားရှိသော စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ထံ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း ဘာစမာတီဆန်တင်ပို့ရန် ပို့ကုန်စာချုပ်များ ချုပ်ဆိုရာ၌ လက်တွေ့မကျသောစျေးနှုန်းများ ဖြစ်ပေါ်ခြင်း ရှိ/မရှိကို APEDA အာဏာပိုင်အဖွဲ့က အနီးကပ် စောင့်ကြည့် ကြပ်မတ်မည်ဖြစ်ပါသည်။
အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ၁ တန်လျှင် ဒေါ်လာ ၉၅၀ အောက် ဈေးနှုန်းနိမ့်ကျမှုရှိသော မည်သည့် ဘာစမာတီဆန် တင်ပို့မှု စာချုပ်များကိုမဆို မှတ်ပုံတင်ခြင်းမပြုရန် APEDA သို့ ညွှန်ကြားထားခဲ့သည်။ အစိုးရသည် အခြားသောဆန်မျိုးကွဲများ အထူးသဖြင့် ဆန်ဖြူကို ဘာစမာတီဆန်ဟု အယောင်ဆောင်ဖော်ပြလျက် ပြည်ပသို့ တင်ပို့ခြင်းမရှိစေရေးအတွက် မူလက အဆိုပါ ဘာစမာတီဆန် MEP ဈေးနှုန်းကို ၁ တန်လျှင် ဒေါ်လာ ၁၂၅၀ နှုန်း သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ဘာစမာတီစပါးဈေးနှုန်းများ ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီးနောက် ပို့ကုန်လုပ်ငန်းရှင်များ၏ အရေးဆိုတင်ပြမှုအပေါ် အစိုးရက ဖြေလျှော့ပေးခြင်းဖြစ်သည်။ လာမည့်လ၌ ဟာရီယာနာ ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ရာ MEP ဈေးနှုန်း သတ်မှတ်ချက်ကို လျှော့ချရန် သို့မဟုတ် ဖယ်ရှားရန် ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ အရေးပါမှုလည်းရှိကြောင်း သိရပါသည်။
စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ သက်သာချောင်ချိရေး ဝန်ကြီးဌာန၏ ယူနစ် တစ်ခုဖြစ်သည့် Agmarknet ၏ အဆိုအရ ဘာစမာတီစပါး၏ ချိန်ညှိပျမ်းမျှဈေးနှုန်းသည် လွန်ခဲ့ သော ၁ နှစ်ကာလ၌ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၃၄၇၅ နှုန်းရှိရာမှ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ရူပီး ၄၀၀၀ နှုန်းခန့်အထိသို့ မြင့်တက်ခဲ့ကြောင်း၊ သို့သော် ယခုအခါ ရူပီး ၂၅၆၅ နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏ အဆိုအရ အိန္ဒိယဘာစမာတီဆန်သည် လက်ရှိကာလ၌ ပါကစ္စတန်နိုင်ငံမှ ကမ်းလှမ်းထားသည့် ၁ တန်လျှင် ၉၆၅ ဒေါ်လာနှုန်းထက် ပိုမိုလျက် ဒေါ်လာ ၉၉၀ နှုန်းရှိကြောင်း သိရသည်။ MEP ကို ပယ်ဖျက်ခဲ့သဖြင့် ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယဘာစမာတီ ဆန်ဈေးနှုန်းကို ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်မှု ရရှိလာစေမည်ဖြစ်သည်။ ယခု ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း အိန္ဒိယ၏ ဘာစမာတီဆန်တင်ပို့မှုမှာ တန်ချိန် ၉ ဒသမ ၆၅ သိန်းရှိပြီး တန်ဖိုးအား ဖြင့် ဒေါ်လာ ၁ ဒသမ သုည ၄ ဘီလီယံရှိကြောင်း၊ ယခင်နှစ် ကာလတူ၌ တင်ပို့မှုမှာ တန်ချိန် ၈ ဒသမ ၃၁ သိန်း၊ တန်ဖိုး ဒေါ်လာ ၉၁၇ သန်း ရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီမြို့ အခြေစိုက် ကုန်သွယ်ရေးလေ့လာသုံးသပ်သူ S Chandrasekaran က MEP ကို ပယ်ဖျက်ရန် အစိုးရ၏လုပ်ဆောင်ချက်ကို ကြိုဆိုပါကြောင်း၊ သို့သော် တောင်သူလယ်သမား များ ဝင်ငွေတိုးတက်မှု သေချာခိုင်မာစေရေးအတွက် ဆန်တင်ပို့သူများအနေဖြင့် နားလည်သဘော ပေါက်မှုမြင့်မားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယ ဆန်တင်ပို့သူများအသင်း (AIREA) မှ ဥက္ကဌ Satish Goel ကလည်း ဘာစမာတီ စပါးသီးနှံအသစ် စိုက်ပျိုးထားရှိမှုမှာ ကောင်းမွန်လျက် ရှိပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် တောင်သူများက ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း၊ ယခုနှစ်တွင် စပါးအထွက်ပမာဏသည် အနည်းဆုံးအားဖြင့် ၁၅ မှ ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: The Hindu Business Line, 14 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)