ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစဉ်းငုံသီးနှံများ ဈေးကောင်းရရှိမှုကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးလာ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာတောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲစဉ်းငုံသီးနှံများအောင်မြင်ဖြစ်ထွန်းခဲ့၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းခဲ့ကြပြီး၊ ဈေးကောင်းရရှိသဖြင့် ၂၀၂၃ ခုနှစ်၊ ပဲစဉ်းငုံစိုက်တောင်သူများ အဆင်ပြေကြကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်နှင့် အနီးဝန်းကျင်ဒေသ အညာတောင်သူများသည် နှစ်စဉ်မြေပဲသီးနှံ၊ နှမ်းသီးနှံနှင့်ပဲစဉ်းငုံသီးနှံတို့ကို အဓိကထားစိုက်ပျိုးကြပြီး အခြားသီးနှံများဖြစ်သည့် ပြောင်း၊ ပဲတီစိမ်းတို့ကို သီးညှပ်အဖြစ်ထည့်သွင်းစိုက်ပျိုးကြ၍ ပြောင်းသီးနှံကို နွားစာအဖြစ်သာ စိုက်ပျိုးကြကြောင်းသိရသည်။ အဆိုပါစိုက်ပျိုးသည့်သီးနှံများကို မိုးလေမှန်ကန်ပါက ဧပြီလလယ်ခန့်နှင့်မေလဆန်းပိုင်းတို့တွင် မြေပဲ၊ နှမ်းသီးနှံများဖြင့် တချိန်တည်းစိုက်ပျိုးလေ့ရှိကြကြောင်း၊ နှမ်းသီးနှံများ ရိတ်သိမ်း၊ ရောင်းချပြီးချိန်တွင် မြေပဲသီးနှံကို ဆွတ်ချွေကြကြောင်း၊ အဆိုပါနှမ်းသီးနှံနှင့်မြေပဲသီးနှံများ ရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလလယ်ခန့်တွင် တစ်နှစ်တာအတွက် နောက်ဆုံးကျန်ရှိသည့် ပဲစဉ်းငုံကို စတင်ရိတ်သိမ်းလေ့ရှိကြကြောင်းနှင့် ၂၀၂၃ ခုနှစ် ပဲစဉ်းငုံဈေးမှာ ပေါ်ဦးပေါ်ဖျားမှ ယနေ့ထိ တစ်တင်းလျှင် ငွေကျပ်တစ်သိန်းနှင့်တစ်သိန်းအထက် ရရှိနေသဖြင့် တောင်သူများအဆင်ပြေ ကြကြောင်းသိရသည်။ ယခု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်း လျှင်(၁၄၇၀၀၀၊ ၁၅၀၀၀၀)ကျပ် ဝန်းကျင်များဖြင့် အရောင်းအဝယ်ပြုလုပ်လျှက်ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ပဲစဉ်းငုံလက်ကျန်အနေဖြင့် (၉၀၀၀၀)ပိဿာ ကျော်ခန့်သာ လက်ကျန်ရှိကြောင်းသိရသည်။ အညာတောင်သူများသည် ပဲစဉ်းငုံသီးနှံကို ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပဈေးကွက်အတွက် အားထားစိုက်ပျိုးကြပြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသအခေါ် ကိုင်းတစ်ရာမျိုးနှင့် မုံရွာရွှေဒင်္ဂါးမျိုးတို့ကို အဓိကစိုက်ပျိုးကြ ကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစဉ်းငုံကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဧက(၇၅၄၂၇)ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ယခင်နှစ်က ဈေးကောင်းရရှိမှုကြောင့် (၈၄၆၆၆)ဧက စိုက်ပျိုးခဲ့ကြကြောင်း၊ လျာထားချက်ထက် (၉၂၃၉)ဧက ပိုမိုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)