အာလူးစိုက်ပျိုးနည်းအကြောင်းသိကောင်းစရာနှင့် ဈေးကွက်

Powered by Drupal

       အာလူးသီးနှံသည် အာဟာရတန်ဖိုးတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာနိုင်ငံအများစုတွင် အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိသော သီးနှံဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅)ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူတို့အတွက်လည်း အာဟာရတန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသည်။ အခြားစိုက်ပျိုးသောဒေသများမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း (ဟင်္သာတ) တို့တွင် စိုက်ပျိုးကြပါသည်။

        အာလူးသီးနှံသည် အေး၍ သမရာသီဥတုကိုကြိုက်နှစ်သက်သည်။ အာလူးစိုက်ပျိုးဖြစ်ထွန်းသည့် အသင့်အတော်ဆုံးအပူအချိန်မှာ (၁၆-၂၇) ဒီဂရီစင်တီဂရိတ်ဖြစ်၍ (၂၈)ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက အပင်ကြီးထွားမှုနှေးကွေးသွားပါသည်။ အာလူးပင်၏သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲ/ ၄လအတွင်းရှိပြီး နေ့တာရှည်ပါက သက်တမ်းအနည်းငယ်ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုပါသည်။ ရှမ်းပြည်နယ်တွင် မိုးအာလူးကို ယာမြေများ၌ မတ်လ၊ ဧပြီလတွင် စိုက်ပျိုးကြပြီး ဩဂုတ်လနှင့် စက်တင်ဘာလများတွင် တူးဖော်ကြပါသည်။ စကအာလူးအဖြစ် ယာမြေများတွင် ဇူလိုင်လ၊ ဩဂုတ်လတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ကြပါသည်။ ဆောင်းရာသီ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ရေရရှိသောနေရာများ၌ စိုက်ပျိုးကြပြီး၊ ဧပြီလနှင့် မေလများတွင် တူးဖော်နိုင်သည်။ မြေပြန့်ဒေသများဖြစ်သည့် မန္တလေးတိုင်း (ဆင်ဖြူကျွန်း) ဒေသများတွင် ကျွန်းမြေနှင့် သဲချောင်းများ၌ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ကြပါသည်။ ထယ်ရေး(၈)လက်မအနက်ရရန် တစ်နှစ်လျှင် နှစ်ကြိမ်ထိုးပေးရသည်။ ထို့နောက် ထွန်(၄)ထယ်အထိထွန်မွှေပေးပြီး ပေါင်း၊ မြက်ကင်းစင်အောင် ကောက်ပစ်ရပါမည်။ နောက်ဆုံးတွင် ကြမ်းတုံးရိုက်၍ မြွေသိပ်ထားရသည်။ တစ်ဧကအတွက် မျိုးလိုအပ်ချက်မှာ- မိုးအာလူး(ယာမြေ) ၅၀၀ပိဿာ၊ ရေအာလူး ၆၀၀ပိဿာ၊ ဆောင်းအာလူး ၇၀၀ပိဿာနှုန်းဖြစ်ပါသည်။ တစ်ဧကအတွက် မြေဩဇာအသုံးပြုရန်မှာ (က) သဘာဝမြေဩဇာ၊ နွားလှည်း (၂၀-၂၅)စီး၊ (ခ) ဓာတ်မြေဩဇာ ယူရီးယား(၂၂၄) ပေါင်၊ တီစူပါ (၃၃၆) ပေါင်၊ ပိုတက်ရှ် (၂၂၄)ပေါင်နှုန်းဖြစ်ပါသည်။

        ယခုမိုးတွင်းအခါတွင် ရေကြီးမှုများကြောင့် အာလူးဈေးနှုန်းများမှာ ဈေးကွက်ထဲ၌ ဈေးကောင်းများရရှိနေလျက်ရှိပါသည်။ ယခင်အပတ်တွင် တစ်ပိဿာလျှင် (၅၅၀၀-၆၀၀၀) ကျပ်ရှိခဲ့ပြီး၊ ယခုအပတ်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၅၀၀-၉၀၀၀) ကျပ်ထိရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)