အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Roeslani က ပြည်ပရင်းနှီးမြှုပ်နှံသူများ နိုင်ငံ၏ပြန်လည်သုံးစွဲနိုင်သော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဆွဲဆောင်နိုင်ရန် ပံ့ပိုးပေးမည့် ဝန်ဆောင်မှုကဏ္ဍများနှင့် အုပ်ချုပ်မှုလိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံရန်အတွက် အဓိကဦးစားပေးထဲမှ တစ်ခုမှာ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုသည့် အုပ်ချုပ်မှုအမူအကျင့်ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းတို့သည် လျှပ်စစ်ကားကို အင်ဒိုနီးရှားနိုင်ငံ၌ ထုတ်လုပ်ပါက ၎င်းတို့၏ထုတ်လုပ်မှုသည် သန့်စင်သောစွမ်းအင်ကို အသုံးပြုရမည်ဟု ဝန်ကြီးက ၁၇-၉-၂၀၂၄ ရက်နေ့တွင်ကျင်းပခဲ့သော “Leaders Forum: Towards a Green Indonesia” ပွဲ၌ ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏မိတ်ဖက်ကိုရွေးချယ်သောအခါ အလွန်စီစီစစ်စစ်ရှိကြပြီး ပံ့ပိုးပေးမည့်အဆောက်အအုံအင်္ဂါရပ်၊ ဝန်ဆောင်မှုများမှာလည်း သန့်စင်သောစွမ်းအင်ကိုအသုံးပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးကို သန့်စင်သောစွမ်းအင်အပေါ် အခြေခံရန်တိုက်တွန်းရခြင်းဖြစ်ကြောင်းနှင့် အစိုးရသည်လည်း အစိမ်းရောင်စွမ်းအင်ဂေဟစနစ်ကောင်းမွန်စွာတည်ထောင်နိုင်ရန် မက်လုံးများကမ်းလှမ်း၍ ပံ့ပိုးပေးနေကြောင်းပြောကြားခဲ့သည်။ မက်လုံးများသည် ပြည်ပနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအား အင်ဒိုနီးရှား၏ အစိမ်းရောင်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ဆွဲဆောင်နိုင်လိမ့်မည်ဟုသိရပါသည်။
ထို့ပြင် ဝန်ကြီးက အစိမ်းရောင်စွမ်းအင်ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရန် လူသားအရင်းအမြစ်၏ အရည်အသွေးသည်လည်း အလွန်အရေးကြီးကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ဝန်ကြီးက အစိမ်းရောင်စွမ်းအင်ကိုနားလည်သဘောပေါက်သည့် အင်ဒိုနီးရှား၏ လူသားအရင်းအမြစ်မှာ လတ်တလောတွင် များစွာမရှိကြောင်းနှင့် ထို့ကြောင့် အစိမ်းရောင်စွမ်းအင်အသိပညာနှင့်ပတ်သက်၍ နိုင်ငံ၏လူသားအရင်းအမြစ်များတိုးတက်မှုရှိလာရန် သက်ဆိုင်သည့်သင်ကြားလေ့ကျင့်မှုလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ ထို့ပြင် သက်ဆိုင်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်သည် အနာဂတ်တွင် အင်ဒိုနီးရှား၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအခန်းကဏ္ဍတွင် ရှိနေကြောင်းနှင့် အစိုးရကလည်း သက်ဆိုင်ရာအသက်မွေးဝမ်းကြောင်းပညာရေးနှင့် လေ့ကျင့်သင်ကြားရေးအတွက် မက်လုံးများပံ့ပိုးပေးရန်လိုအပ်သည်ကိုသိရှိကြောင်း ဝန်ကြီးကဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source : Antara News
DOCA(ရန်ကုန်)