ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Bui Thanh Son သည် အီဂျစ်နိုင်ငံခြားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Badr Abdelatty နှင့် စက်တင်ဘာလ ၁၇ရက်နေ့တွင် ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။ Abdelatty က တိုက်ဖွန်းမုန်တိုင်း Yagi ကြောင့် ထိခိုက်ခဲ့ရသည့် ဗီယက်နမ်နိုင်ငံအတွက် နက်ရှိုင်းစွာဝမ်းနည်းကြောင်းပြောကြားခဲ့သည်ဟုသိရပါသည်။ ထို့ပြင် ၎င်းက ဗီယက်နမ်သည် အီဂျစ်၏ အရေးပါသောမိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံအကြားစီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် အခန်းကဏ္ဍများစွာရှိကြောင်းနှင့် အီဂျစ်သည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သင့်လျော်သော အခြေအနေများကိုဖန်တီးပေးရန် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အီဂျစ်သည် Southern Common Market(MERCOSUR)၊ အာရပ်နှင့် အာဖရိကတို့နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) တွင် လက်မှတ်ရေးထိုးထားသောကြောင့်ဗီယက်နမ်လုပ်ငန်းများသည် ထို FTA များ၏ အကျိုးကျေးဇူးကိုရယူကာ စုစုပေါင်းလူဦးရေ ၂ဘီလီယံရှိသော ထိုအားကောင်းသည့်ဈေးကွက်သို့ တင်ပို့မှုမြင့်တက်ရန် FTA များ၏အကျိုးကျေးဇူးကို ရယူနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Son ကလည်း Abdelatty အား Yagi မုန်တိုင်းနှင့်ပတ်သက်၍ ၎င်း၏ဂရုဏာစကားအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရပါသည်။ နှစ်နိုင်ငံအကြား အလုံးစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အလို့ငှာ Son က နှစ်ဖက်စလုံးသည် အစည်းအဝေးများပြုလုပ်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းနှင့် ကုလသမဂ္ဂကဲ့သို့သော ဘက်ပေါင်းစုံပါဝင်သောဖိုရမ်များတွင် အချင်းချင်းပံ့ပိုးရန်နှင့် ညှိနှိုင်းကြရန် အကြံပြုခဲ့ကြောင်းသိရပါသည်။ Son က ArabLeague နှင့် ASEAN ကဲ့သို့သော ၎င်းတို့နှစ်နိုင်ငံတွင် တစ်နိုင်ငံက အဖွဲ့ဝင်ဖြစ်နေသည့် ဒေသတွင်းအဖွဲ့အစည်းတို့တွင် တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အနီးကပ်အတူ တကွလုပ်ဆောင်သွားရန် အဆိုပြုကမ်းလှမ်းခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးစလုံးသည် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်၊ ရိုးရာခင်မင်မှုကိုဆက်လက်မြှင့်တင်ရန်၊ ဗီယက်နမ်နှင့်အီဂျစ်အကြား ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်းသိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)