ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကာလအတွင်း ရော်ဘာ ၂၀၉၇၃၃တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂၈သန်းရရှိခဲ့ကာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၅.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရာဘာအထွေထွေညွှန်ကြားရေးဦးစီးဌာန၏ ၁၇-၉-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) အောက်ရှိ ရော်ဘာအထွေထွေညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Khun Kakada က ကမ္ဘောဒီးယား၏ ယခုနှစ်ပထမ(၈)လ တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄၅၆၅တန်မြင့်တက်ခဲ့ကြောင်းနှင့် ရော်ဘာစေးတစ်တန်တန်ဖိုးမှာ ၁၅၆၅အမေရိကန်ဒေါ်လာရှိပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၈၀အမေရိကန်ဒေါ်လာမြင့်တက်ခဲ့သည်ဟုပြောကြားခဲ့ပါသည်။ ဩဂုတ်လတစ်လတည်းတွင် ရော်ဘာတန်ချိန် ၃၅၈၁၈တန်တင်ပို့ခဲ့ပြီး ဇူလိုင်လထက် ၇.၆၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားရော်ဘာ အဓိကတင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်တို့ဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည် Tboung Khmum ပြည်နယ် Chob ကျေးရွာရှိ သက်တမ်းအရင့်ဆုံးရော်ဘာခြံ၏ ဗီဒီယိုကို ၁၆-၉-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။ ထိုသမိုင်းဝင်နေရာသည် Chob ရော်ဘာခြံဟုလူသိများပြီး Kakada က ဦးစီးဌာနရော်ဘာအစီအစဉ်တစ်စိတ်တစ်ပိုင်း၏ ပထမခြေလှမ်းသည် ထိုဒေသကို သင့်လျော်သော အခြေခံအဆောက်အအုံအဖြစ် ပြင်ဆင်ရန်ဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Dith Tina ၏ အကြံပြုချက်အရ Chob ကျေးရွာကို ရော်ဘာစိုက်ခင်းအဖြစ်အသွင်ကူးပြောင်းပြီး ကမ္ဘာလှည့်ခရီးသွားများအား ထိုနေရာနှင့်ပတ်သက်၍ လေ့လာစရာနေရာအဖြစ် ဆွဲဆောင်မည်ဟုသိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)